နေပြည်တော် မေ ၂၇
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများနှင့် ဆိုလာမီးအိမ်များကိုတင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အလားတူ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆန်အိတ်များ၊ ရေသန့်ဆေးပြားများ၊ စားသုံးဆီပုံးများ၊ ဓာတ်ဆားထုပ်များ၊ ရေသန့်ဘူးများ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ စားပွဲခုံများ၊ ဆေးပစ္စည်းများ၊ မိုးကာလိပ်များ၊ LED Solar မီးသီးများနှင့် စားသောက်ဖွယ်ရာများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၆ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရောက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကြသည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။