Skip to main content

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် မေ၂၇

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ အားစုဖွဲ့စေလွှတ်၍လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့်စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စားသောက်ဖွယ်ရာများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှစစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်များဖြင့် ၂ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပို့ဆောင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရောက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကြသည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကိုတာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် သက်ဆိုင်ရာသို့ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။