နေပြည်တော် မေ ၂၄
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် H.E. Mr .Chen Hai ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က တရုတ်နိုင်ငံဟောင်ကောင်မြို့တွင် ကျင်းပခဲ့သော (၅၉)ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asia-Africa Legal Consultative Orga-nization-AALCO)ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Wong Yi ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါကြောင်း၊ AALCO ညီလာခံတွင် တရုတ်နိုင်ငံမှအဆိုပြုသော theme ဖြစ်သည့် “Upholding International Law for A Community of Shared Future: the Role of Asian and African Countries”အပေါ် ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ MoU အရ Legi-slative Research, Cultivation of Legal Talents နှင့် Legal Consulting Services နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ capacity building နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသို့ စေလွှတ်၍ ပညာသင်ကြားစေခဲ့ပါကြောင်း၊ ပညာသင်သွား ရောက်သည့် ကျောင်းသားများအား ဥပဒေရေးရာကိစ္စရပ်နှင့် နိုင်ငံတကာအတွေ့အကြုံများရရှိရေး လေ့လာစေလျက်ရှိပါကြောင်း၊ China-ASEAN Prosecutors General Conference အား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေး လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပံ့ပိုးကူညီပေးမှုများအပေါ် အထူး ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr.Chen Hai က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအပေါ် စာနာထောက်ထားမိပါကြောင်း၊ တရုတ်နိုင်ငံက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးမည့် MoU ကိစ္စရပ်အပေါ်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံက ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးသည်။
သတင်းစဉ်