ဘားအံ မေ ၂၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်က အနာဂတ်မျိုးဆက်သစ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ပညာရပ်များကို တွဲဖက်သင်ကြားနိုင်မည့် ပညာရေးအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ လာမည့်ပညာသင်နှစ်တွင် စက်မှုပညာရပ်၊ စိုက်ပျိုးရေးပညာရပ်များနှင့် မွေးမြူရေးပညာရပ်များကို အထက်တန်းဆင့် သင်ကျောင်းသားများ သင်ယူလေ့လာနိုင်ရန် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၁ ကျောင်း တွဲဖက်ဖွင့်လှစ်မည်ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဆိုပါအသက်မွေးဝမ်းကျောင်း ပညာသင်အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ အ-ထ-က(ဒုံရင်း) ကျောင်းတွင်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးမြင့်နှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့် မွေးမြူးရေးအထက်တန်းကျောင်း စတင်တွဲဖက်ဖွင့်လှစ်မည့် ပညာသင်နှစ်ကိုလည်း သိပါရစေ။
ဖြေ။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စပြီးတော့ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းကို ဒုံရင်းအထက်တန်းကျောင်းနှင့် တွဲဖက်ပြီးတော့ ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့်မွေးမြူးရေး အထက်တန်းကျောင်း တက်ရောက်မယ့် ကျောင်းသား/ကျောင်းသူများ၏ ပညာအရည်အချင်းကိုလည်း သိလိုပါတယ်။
ဖြေ။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-9 အောင်မြင်ပြီးတဲ့ ကျောင်းသား/ကျောင်းသူတွေကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့်မွေးမြူးရေး အထက်တန်းကျောင်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို သိလိုပါတယ်။
ဖြေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ Grade-9 အောင်မြင်တဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ပညာဆက်လက်သင်ကြားမယ့် အခွင့်အလမ်းတွေ ရရှိစေဖို့အတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေးကျောင်းတွေကို ခရိုင် (၅၀) မှာရှိတဲ့ ကျောင်းပေါင်း(၅၀)မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ဘားအံခရိုင်နဲ့ ကော့ကရိတ်ခရိုင်တို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ အထက်တန်းအဆင့် ပညာသင်ကြားနေတဲ့ကာလအတွင်း ဒီကျောင်းမှာဖွင့်လှစ်မယ့် စိုက်ပျိုးရေးနဲ့ မွေးမြူးရေး အသက်မွေးဝမ်းကြောင်းပညာတွေကို သင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့်မွေးမြူးရေးအထက်တန်းကျောင်းမှာ လက်ခံမယ့် ကျောင်းသား/ကျောင်းသူ အရေအတွက်ကိုလည်း သိလိုပါတယ်။
ဖြေ။ စိုက်ပျိုးရေး ဘာသာရပ်အတွက် ကျောင်းသား/ကျောင်းသူ (၅၀) ဦးနဲ့ မွေးမြူရေး ဘာသာ ရပ်အတွက် ကျောင်းသား/ကျောင်းသူ (၅၀) ဦး စုစုပေါင်း (၁၀၀) ဦး လက်ခံသင်ကြား ပေးသွားမှာဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနဲ့မွေးမြူးရေးအထက်တန်းကျောင်းကနေ သင်ကြားပေးမည့် ဘာသာရပ်တွေကိုလည်း သိလိုပါတယ်။
ဖြေ။ Grade-9 အောင်မြင်ပြီးတဲ့ ကျောင်းသား/ကျောင်းသူတွေအနေဖြင့် Grade-10 မှာ သင်ကြားရမယ့် ဘာသာရပ်တွေအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားရမှာ ဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနဲ့ မွေးမြူရေးအထက်တန်းကျောင်းမှာ ဘာသာရပ်များ သင်ကြားပေးမယ့် အစီအစဉ်ကိုလည်း သိလိုပါတယ်။
ဖြေ ။ စာပေဘာသာရပ်တွေကို အ-ထ-က(ဒုံရင်း)ကျောင်းက အထက်တန်းပြဆရာမတွေက သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကိုတော့ သက်ဆိုင်ရာဌာနတွေက လာရောက်သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ ပညာသင်ကြားရမယ့်ကာလကတော့ (၃) နှစ်ဖြစ်ပါတယ်။
မေး။ စိုက်ပျိုးရေးနဲ့မွေးမြူးရေးအထက်တန်းကျောင်းကနေ ကျောင်းပြီးသွားတဲ့အခါ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ဘယ်လိုအခွင့်အလမ်းတွေ ရရှိနိုင်မလဲ သိလိုပါတယ်။
ဖြေ။ ဒီသင်တန်းကျောင်း တက်ရောက်အောင်မြင်ပြီးပြီဆိုရင် အဆင့် (၃)ဆင့် ခွဲခြားထားတယ်။ အထူးအောင်၊ အဆင့်မီ၊ ရိုးရိုး ပြီးမြောက်ခြင်းတို့ဖြစ်ပါတယ်။ စိုက်ပျိုးရေး ဘာသာရပ်နဲ့ အထူးအောင်မြင်ရင် ရေဆင်းတက္ကသိုလ်စိုက်ပျိုးရေးသိပ္ပံကျောင်းကို(၅)နှစ်၊ အဆင့်မီနဲ့ အောင်မြင်ရင်၊ စိုက်ပျိုးရေးသိပ္ပံဒီပလိုမာဘွဲ့ (၃) နှစ်၊ စက်မှုလက်မှု သိပ္ပံ ကျောင်း(၃) နှစ်တို့ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မွေးမြူရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်နဲ့ အထူးအောင်မြင်ရင် မွေးမြူရေးဆေးတက္ကသိုလ် (၆) နှစ်၊ မွေးမြူရေးပညာဘွဲ့ (၄) နှစ်၊ အဆင့်မီနဲ့ အောင်မြင်ရင် စိုက်ပျိုးရေးသိပ္ပံ မွေးမြူရေး ဒီပလိုမာ (၃) နှစ်၊ ငါးလုပ်ငန်း သိပ္ပံ (၃) နှစ်တက်ရောက်နိုင်ပြီး ရိုးရိုးပြီးမြောက်အောင်မြင်ရင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင်တွေကို ဝင်ရောက်နိုင်တဲ့ ပြီးမြောက်အောင်မြင်ခြင်းသင်တန်းဆင်းလက်မှတ်ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနှင့်မွေးမြူးရေးအထက်တန်းကျောင်းဖွင့်လှစ်မယ့် အစီအစဉ်ကို ကျောင်းသား/ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက် ထားရှိမှုအခြေအနေကိုလည်း သိလိုပါတယ်။
ဖြေ။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနဲ့မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေးအတွက် လျှောက်လွှာများကို ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ အ-ထ-က(ဒုံရင်း) ကျောင်းမှာ လျှောက်လွှာတွေရယူပြီး ကျောင်းတက်ရောက်ခွင့် လျှောက်ထားနိုင်ပါတယ်။
မေး။ အ-ထ-က(ဒုံရင်း) စိုက်ပျိုးရေးနဲ့မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီး ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောကြားပေးပါ။
ဖြေ။ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး ၊ ဖာပွန်မြို့တွေက Grade-9 အောင်မြင်တဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ပညာ ဆက်လက် သင်ကြားနိုင်မယ့် အခွင့်အလမ်းတွေ ယခင်ကထက် ပိုပြီးရရှိလာမှာဖြစ်သလို အသက်မွေးဝမ်းကြောင်း ပညာတွေကို ဆက်လက်သင်ကြားခွင့် ရရှိမှာဖြစ်တဲ့အတွက် ကျောင်းတက်ရောက်ခွင့် လျှောက်လွှာတွေ လာယူပြီးတော့ လျှောက်ထားကြဖို့၊ တက်ရောက်ကြဖို့ တိုက်တွန်းလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ - စိုစိုးအေး (ပြန်/ဆက်)