Skip to main content

သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၃

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ် ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါမြို့ရှိ လေဘေးသင့်ပြည်သူများအား ဆန်များ၊ စားသောက် ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့ရှိ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အရှေ့တောင်ရပ်ကွက် ရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် ဆေးကုသခြင်းများ ဆောင်ရွက် ပေး၍ အငူမော်ကုန်းတန်းကျေးရွာရှိ စာသင်ကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က လေဘေးသင့် ပြည်သူများအား ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လဲကျနေသောသစ်ပင် ကြီးများ၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးများ ဆောင်ရွက်ပေးပြီး တန်းအေးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထို့ပြင် လေးကန်အုပ်စု၊ လေးကန်ကျေးရွာနှင့် ပေါက်တောကြီးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ဆန်များ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 

စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ် ရေးအဖွဲ့များသည် စစ်တွေမြို့ရှိ လေဘေးသင့်ပြည်သူများအား သောက်သုံးရေအဆင်ပြေစေရေး ရေသန့်ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဘူးသီးတောင်မြို့ အတွင်း၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး လိုအပ်သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။

မြောက်ဦးမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြောက်ဦးမြို့အတွင်း၌ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး လိုအပ်သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရန် ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

ကျန်ရှိသည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးယာဉ်အုပ်စုများအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လာပါက အမြန်ဆုံးသွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိသည်။

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်