Skip to main content

ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား ၂၀၂၃ ခုနှစ် မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဥပဒေဘောင်အတွင်းဝင်ရောက်

ယင်းသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ဖိတ်ခေါ်ခဲ့မှုကြောင့် မေ ၂၂ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးနှင့် ၎င်း၏မိသားစုဝင် နှစ်ဦးတို့သည် KA-22 သေနတ် တစ်လက်၊ ဘီအေ-၉၁ လက်ပစ်ဗုံး တစ်လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး တစ်လုံး၊ ခဲယမ်းများနှင့်အတူ ဗန်းမော်တပ်နယ်မှ တာဝန်ရှိသူများထံသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သေနတ် တစ်လက်အတွက် ငွေကျပ်သိန်း ၅၀၊ လက်ပစ်ဗုံး နှစ်လုံးအတွက် ငွေကျပ်သုံးသိန်းနှင့်ခဲယမ်း ဆက်စပ်ပစ္စည်းများအတွက် ငွေ ကျပ် သုံးသိန်း စုစုပေါင်းငွေကျပ် ၅၆ သိန်းကို ဆုကြေးငွေအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။

ထောက်ပံ့ပေးအပ်

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေသူများ ကျန်ရှိနေသေးကြောင်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကြိုဆိုလက်ခံပေးသွားမည်

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ် စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်