Skip to main content

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၂၃

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ မောင်တောခရိုင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင် မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာ အဖွဲ့များတွေ့ဆုံ၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေနေများနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် အောင်မျိုးထွန်းသည် တာဝန် ရှိသူများနှင့်အတူ လေးကန်ကျေးရွာအုပ်စုအား စားရေရိက္ခာနှင့် အဝတ်အထည်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရေသန့်ဖြန့်ဝေနေမှုများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ သံတွဲမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဌာနဆိုင်ရာ အဆောက်အဦများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ထို့အတူ မြောက်ဦးခရိုင် မြေပုံမြို့နယ်သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် တာဝန်ရှိ သူများနှင့်အတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်း (သဲတန်)နှင့် (မြေပုံ)တို့၌ ကူညီကယ်ဆယ်ရေးအဖွဲ့ များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မာန်အောင်မြို့နယ်သို့ ရောက် ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့လှူဒါန်းသော အမိုးသွပ်ပြားများကို သွားရောက်ထောက်ပံ့လှူဒါန်းပြီး မာန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ ချင်းပြည်နယ်တီးတိန်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းကိုကိုသည် တာဝန်ရှိသူ များနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆောင်ပီးကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းအတွက် အမိုးသွပ်များကို သွားရောက်ထောက်ပံ့ပေးအပ်ပြီး အဆိုပါမြို့ရှိ ဗဟိုသာသနာပြု ကျောင်းတိုက်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ မတူပီမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူများနှင့်အတူ ထေရဝါဒတောင် တန်းသာသနာပြုဗဟိုကျောင်းတိုက်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင့်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် မောင်တောမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများမှ စာသင်ကျောင်းများ၊ လူနေ အိမ်များနှင့်ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးနေမှုအခြေအနေများနှင့် လှဖိုးခေါင် ယာယီနေရာ ချထားရေးစခန်းသို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့များက စာရင်းကောက်ယူထားရှိ မှုများအား လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်