နေပြည်တော် မေ ၂၁
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြား မှုဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်း သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်လျက် ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်မှုလုပ်ရပ်များကိုမလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ တိုင်ကြားချက်များအရ ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက် မွန်းလွဲပိုင်းက ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး”တည်းခိုခန်း အခန်းအမှတ် (၂၀၅) ၌ Royal Phoenix Guerilla Force-RPGF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ(ခ)ကောက်ကြီးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ (ခ)ကောက်ကြီး၏ ထွက်ဆိုချက်အရ မေ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောဘငြိမ်း (ခ)ပြည်ငြိမ်းချမ်း (ခ) ကိုစော (ခ)ကိုပြည့် အားလည်းကောင်း၊ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တို့ကို အမရပူရမြို့နယ် ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင် တို့အား အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက် ၇၃(အေ)လမ်း ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ တရားခံ ဝင်းမာအား ကြိုးဆွဲလက်ပစ်ဗုံးငါးလုံးဖြင့် လည်းကောင်း၊ RPGF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် သူရစိုး(ခ)ကျောက်ရုပ်အား ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာတွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ စောဘငြိမ်း (ခ)ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ)ကိုပြည့်နှင့် အောင်ထွန်းမင်း (ခ)အော်တို တို့၏ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် RPGF အမည်ခံအကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသူများဖြစ်သည့် တရားခံ ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် သင်္ဂချောင်းလမ်းတွင် လည်းကောင်း၊ တရားခံ ရန်နောင်ဖြိုးအား ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် တိုက်အမှတ်(၁၉) အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ တရားခံ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၁၀ ဦး၊ မ သုံးဦး၊ ပေါင်း ၁၃ ဦးတို့အား တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ငါးလုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး၊ မင်းမင်းဦး (ခ)သက်ဦးမောင်၊ ဇော်ထက်နှင့် ဇော်ရဲထက်(ခ)သားသားတို့သည် ၂၀၂၂ ခုနှစ် မတ်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်းရှိ KIA တပ်မဟာ(၄)စခန်း၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလတွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ (ခ)ကောက်ကြီး၊ မင်းမင်းဦး (ခ)သက်ဦးမောင်၊ ဇော်ထက်နှင့် ဇော်ရဲထက်(ခ)သားသား တို့သည် KIA တပ်မဟာ(၄) စခန်းမှ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိနေထိုင်စဉ် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ) ကောက်ကြီးသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG မှ တရားခံပြေး ရည်မွန် ဦးဆောင်ပြုလုပ်သည့် ZOOM Meeting များတွင် တက်ရောက်ခဲ့ကြောင်း၊ တရားခံပြေး ရည်မွန်၏ စေခိုင်းမှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့အား စောဘငြိမ်း (ခ)ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်နှင့် ချမ်းမြေ့ဦး(ခ) ဘရိတ်ကီ (ခ)ကောက်ကြီးတို့မှ ခေါင်းဆောင်၍ ဇော်ထက်၊ ဟိန်းထက်၊ ဇော်ရဲထက် (ခ)သားသား၊ အောင်ထွန်းမင်း (ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်၊ သူရစိုး(ခ)ကျောက်ရုပ် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဟိန်းမြတ်မင်း (ခ)ဖိုးသား၊ ဒေးဗစ်၊ ခေါင်းကြီး၊ ဘီလူး၊ ပေါက်ကျော် (ခ)စကုတ်၊ ကျော်ကြီး(ခ)အရှည်ကြီး၊ ထွန်းထွန်း(ခ)ဂျင်းမွှေး၊ မဲကြီးအပါအဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံအကြမ်းဖက်အဖွဲ့မှ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တွင် တရားခံပြေး ရည်မွန်မှ ပစ္စတိုနှစ်လက်နှင့် ၎င်းကျည်အတောင့် ၅၀ တို့အား ပေးပို့ခဲ့ပြီး ဖမ်းဆီး ရန်ကျန် တရားခံ ပေါက်ကျော်(ခ)စကုတ် ထံတွင် သိမ်းဆည်းထားကြောင်း၊ ထို့အပြင် ဖောက်ခွဲရေး ပစ္စည်းများဝယ်ယူရန်အတွက် ရန်နောင်ဖြိုးမှ ငွေကျပ် ငါးသိန်း၊ အောင်ရဲကျော်မှ ငွေကျပ် ၁၀ သိန်း၊ ခိုင်ခိုင်အောင်မှ ငွေကျပ် ၁၀ သိန်း၊ သူဇာဝေမှ ငွေကျပ် သိန်း ၂၀ နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ) ကိုပြည့်၏ ခိုင်းစေမှုဖြင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှုနှစ်ကြိမ် ကျူးလွန်ခဲ့ကြောင်း-
- ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တိုနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ပေါက်ကျော်(ခ)စကုတ်၊ ဟိန်းမြတ်မင်း(ခ)ဖိုးသားနှင့် ဒေးဗစ်တို့သည် စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ “နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော်စိုးအား ဒလန်ဟုစွပ်စွဲကာ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
- ဧပြီ ၂၇ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ)ကိုပြည့် ခေါင်းဆောင်၍ ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း (ခ)အော်တိုနှင့် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် ပေါက်ကျော် (ခ)စကုတ်၊ ထွန်းထွန်း (ခ) ဂျင်းမွှေးတို့သည် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏သားဖြစ်သည့် အပြစ်မဲ့ပြည်သူ ဦးစန်းယုမောင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သူရစိုး (ခ)ကျောက်ရုပ်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံအကြမ်းဖက်အဖွဲ့မှ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း-
- ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ပေါက်ကျော် (ခ)စကုတ်တို့သည် မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ“Space Bar” စားသောက်ဆိုင်ရှေ့၌ လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
- မေ ၂၂ ရက်တွင် စောဘငြိမ်း (ခ)ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ) ဘရိတ်ကီ(ခ) ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံမဲကြီးတို့သည် ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်ရှိ တိုင်းတရားလွှတ်တော်ရုံးရှေ့၌ လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
- မေ ၂၉ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ) ကိုပြည့်၊ ချမ်းမြေ့ဦး(ခ) ဘရိတ်ကီ(ခ) ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံမဲကြီးတို့သည် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်ရှိ “JIN CHENG” ဟိုတယ်ရှေ့၌ လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ဖောက်ခွဲခဲ့ကြောင်း။
- ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ (ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ပေါက်ကျော်(ခ)စကုတ် တို့သည် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ ပုထိုးတော်ကြီးဘုရားရှေ့၌ လက်လုပ်မိုင်း တစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
- ဖေဖော်ဝါရီ ၁၀ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ (ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြီး (ခ)အရှည်ကြီးတို့သည် ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် မန္တလာသီရိ ဘောလုံးကွင်းအရှေ့ဘက်ရှိ လုံခြုံ ရေးဂိတ်ကင်းအား လက်လုပ်မိုင်း တစ်လုံးဖြင့် သွားရောက်ဖောက်ခွဲခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် အပြစ်မဲ့ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
- ဖေဖော်ဝါရီ ၁၇ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ(ခ)ကောက်ကြီးတို့သည် ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
- ဖေဖော်ဝါရီ ၂၁ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ) ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး (ခ)ဘရိတ်ကီ (ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြီး(ခ) အရှည်ကြီးတို့သည် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
- မတ်လ ၂၂ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း (ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ (ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံကျော်ကြီး (ခ)အရှည်ကြီး တို့သည် အမရပူရမြို့နယ်ရှိ ခရိုင်တရားရုံးအား လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ် ဖောက်ခွဲခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
- ဧပြီလ ၁၁ ရက်တွင် ချမ်းမြေ့ဦး (ခ)ကောက်ကြီး (ခ)ဘရိတ်ကီ၊ ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တိုနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကြီး (ခ)အရှည်ကြီး၊ ဟိန်းမြတ်မင်း(ခ)ဖိုးသားတို့သည် စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားပေးခွဲရုံအား လက်လုပ်မိုင်းနှစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း။
ထို့အပြင် RPGF အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် “အောင်စည်တော်”စစ်ဆင်ရေးအမည်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ချမ်းအေးသာဇံမြို့နယ် ၁၅ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာနေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း၊ ချမ်းအေးသာဇံမြို့နယ် အနောက်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူတစ်ဦးအား လည်းကောင်း၊ ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ် ရန်နှင့် ချမ်းအေးသာဇံမြို့နယ် ၇၈ လမ်းနှင့် ၃၂ လမ်းထောင့်အနီးရှိ ယာဉ်ထိန်းရုံးအားလည်းကောင်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ထားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင် သတင်းလက်ဦးမှုရယူကာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ခြင်းကြောင့် အချိန်မီတားဆီးကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်မှုကို မလိုလားသော တိုင်းရင်းသားပြည်သူများ၏ သတင်းပေးပို့ချက်များနှင့် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အချိန်မီ ကြိုးပမ်းဖော်ထုတ်နိုင်မှုများကြောင့် ဖမ်းဆီးရမိခဲ့သော တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ ယခုကဲ့သို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်