Skip to main content

ဒုတိယဝန်ကြီးဦးအေးကျော် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ပင်မဓာတ်အားခွဲရုံနှင့် တာဝါတိုင်များအစားထိုးပြုပြင်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီအမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတာဝါတိုင်များလဲပြို ပျက်စီးခဲ့သည်များအစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများပြင်ဆင်နေမှုနှင့် အစားထိုးပြုပြင်ရမည့် တာဝါတိုင်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဝန်ထမ်းအိမ်ရာများ ပြင်ဆင် ပြီးစီးမှု၊ ပျက်စီးသွားသောတာဝါတိုင်များ၊ ကျောက်တိုင်များ၊ ဓာတ်အားလိုင်းကြိုးများ ရှင်းလင်းဖယ်ရှားနေမှု၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပုဏ္ဏားကျွန်းရှေ့တန်းစခန်းသို့ ပစ္စည်းများရောက်ရှိမှု၊ တာဝါတိုင်များပြန်လည်တပ်ဆင်ခြင်းနှင့် ကြိုးဆွဲဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တာဝါတိုင်အမှတ် (၄၂၄) နှင့် (၄၂၅) သို့သွားရောက်၍ ပျက်စီးတာဝါတိုင်များ ဖယ်ရှားရှင်းလင်းနေမှုနှင့် ပျက်စီးသွားသည့်ဖောင်ဒေးရှင်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အား လိုင်းတွင်တာဝါတိုင်ပေါင်း ၄၄၈ တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သည့် တာဝါတိုင် ၁၂ တိုင်၊ တာဝါထိပ်ပိုင်းပျက်စီးခဲ့သည့် နှစ်တိုင်၊ စုစုပေါင်း ၁၄ တိုင် အစားထိုးပြုပြင်ခြင်း၊ ၆၆ ကေဗွီပုဏ္ဏားကျွန်း-စစ်တွေအမှတ် (၁) ဓာတ်အားလိုင်းတွင် ကွန်ကရစ် တိုင်ပေါင်း ၈၁၂ တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သော ၁၀၆ တိုင် ဦးစားပေးပြုပြင်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးဝန်ထမ်းများကို အားပေးစကား ပြောကြားသည်။

၂၃၀ ကေဗွီပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံ ပြုပြင်ခြင်းလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးနေပြီဖြစ်ပြီးဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး ဝန်ကြီးဌာနမှအင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားအင်အား ၅၆၇ ဦးတို့ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                  

သတင်းစဉ်