အဂတိလိုက်စားမှုဆိုသည်မှာ ပြည်သူ့ဝန်ထမ်းများက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်းဖြစ်သည်ဆိုသော အများနားလည်ထားကြသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုမိုကျယ်ပြန့်သည်ဟုဆိုသည်။ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် အဂတိလိုက်စားမှုများကြောင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ/တာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးမှုတို့အပေါ် များစွာထိခိုက်စေသည်။ သို့ဖြစ်ရာ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ခြင်းဖြင့်သာ ကောင်းသောအုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းနိုင်မည်ဖြစ်သည်။
အဂတိလိုက်စားမှုများ နိုင်ငံတစ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် ဖြစ်ထွန်းနေမည်ဆိုပါက လူ့အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးစေနိုင်သလို တရားမဝင် ကုန်သွယ်မှုများ ထွန်းကားစေခြင်းကြောင့် တရားဝင် အခွန်ဆောင် ရောင်းဝယ်ဖောက်ကားမှုများ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ထိခိုက်နစ်နာ ဆုံးရှုံးစေသည်။ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများနှင့် ဆက်နွှယ်၍ ရာဇဝတ်ပြစ်မှု အရေအတွက် များပြားလာမှုများစသည်ဖြင့် တစ်နွယ်ငင် တစ်စင်ပါ ဆက်စပ်နေမှုများက နိုင်ငံအတွက် အန္တရာယ်ပင်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှု များလေလေ၊ ဆင်းရဲနွမ်းပါးမှု များလေလေ၊ ဆင်းရဲနွမ်းပါးမှု များလေလေ၊ အဂတိလိုက်စားမှုများလေလေ အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးဟူသော အမျိုးသားရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို တိုးတက်စေကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်၊ ပြည်သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ထားခြင်းဖြစ်သည်။ အမျိုးသားရေးမျှော်မှန်းချက် အောင်မြင်ရေးတွင် အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေးသည် အရေးပါသည့်အလျောက် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)”ကို ရေးဆွဲချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါ စီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေး ယူခြင်းဆိုသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် သုံးရပ်ပါဝင်ပြီး ယင်းလုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်သွားကြရန် ရေးဆွဲထားခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ ‘‘အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)’’ အဖွဲ့များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် တိုးချဲ့ဖွဲ့စည်းထားသည်။ ယင်းအဖွဲ့များက အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ရေးဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ အောက်ခြေအဆင့်များမှစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထား သည်။ ထို့အပြင် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)” ကို အကောင်အထည်ဖော်၍ အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ပြားမှု၊ ဥပဒေ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဖြစ် ရှုမြင်ကြပြီး အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှု ပေါ်ထွန်းလာစေရန် အသိပညာပေးမှုများနှင့် တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးအနက်ထား၍ ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်