နေပြည်တော် မတ် ၂၁
နေကြာမျိုးစေ့ထုတ်လုပ်ရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်များ ညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများနှင့်အညီ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုနှင့် ဆောင်ရွက်ပေးလိုမှုကို တောင်သူများ၊ ပုဂ္ဂလိကများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်လာရေးအတွက် မီဒီယာအားကို ထိထိရောက်ရောက် အသုံးချရန်လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း ဖြည့်ဆည်းပေးနိုင်ရန် ဆီထွက်သီးနှံနေကြာအား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ တစ်ဧကနေကြာအထွက်နှုန်းနှင့် ဆီထွက်ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် နေကြာမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းအတွက် ပညာရှင်ဝန်ထမ်းများ သီးခြားတာဝန်ချထားပေးနိုင်ရေး၊ တိကျသည့် လုပ်ငန်းကာလနှင့် ရန်ပုံငွေအသုံးပြုနိုင်ရေး၊ ဒေသအလိုက် ရာသီအလိုက် နေကြာမျိုးစေ့ထုတ်လုပ်သွားမည့်အစီအစဉ်များနှင့် ထွက်ရှိလာမည့် မျိုးစေ့များသိုလှောင်မည့် အအေးခန်းသိုလှောင်ရုံအသုံးပြုနိုင်ရေး၊ နေကြာမျိုးသန့်မျိုးပွားဆောင်ရွက်မည့် တောင်သူများ မျိုးစေ့သန့်စင်စက် အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံစိုက်ဧရိယာအတွက် လိုအပ်ချက်အရ မျိုးစေ့ပမာဏပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး၊ နေကြာမျိုးစေ့ထုတ်လုပ်ငန်း စဉ်တစ်လျှောက်ဆောင်ရွက်ရမည့်အစီအစဉ်များ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်ထားသည့် ရေဆင်းစပ်မျိုး နေကြာ-၁ နှင့် ဆင်းရွှေကြာ -၂ နေကြာမိဘလိုင်းများဆောင်ရွက်ထားရှိမှု၊ စပ်မျိုး (F1) မျိုးစေ့ထုတ်လုပ်နိုင်မည့်အခြေအနေနှင့် ဆင်းရွှေကြာ-၂ မျိုးသန့်ပွားများမှုနှင့် ဖြန့်ဖြူးပြီးစီးမှု၊ စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံများမှ နေကြာမျိုးများ ဖြန့်ဖြူးပေးမည့် အစီအစဉ်များ၊ မျိုးစေ့စီးဆင်းမှုမှန်ကန်ရေးနှင့် တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုးသန့်ပွားများ ပြန့်ပွားရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်