Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ခရိုင်/မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထောက်ပံ့ငွေများ ချီးမြှင့်

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထွန်းဝဏ္ဏက ပြည်နယ်/ခရိုင်/မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခကြွေးကျန်ကောက်ခံရရှိရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသော ဘတ်ဂျက်ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက် ဘတ်ဂျက်ရန်ပုံငွေများ စနစ်တကျသုံးစွဲသွားရန်၊ ဝန်ထမ်းများအားလုံးလုံခြုံရေးအသိ၊ သတိဖြင့်စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်သွားကြရန်၊ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဘဏ္ဍာရေးကဏ္ဍအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင်မပျက် သင်တန်းများဖွင့်လှစ်ပို့ချပေးရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများချီးမြှင့်သည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် လင်းသီဟကုမ္ပဏီမှ ငွေလက်ခံကောင်တာတွင် ဓာတ်အားခကောက်ခံနေမှုနှင့် စာရင်းရေးသွင်းပြုစုထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်