Skip to main content

CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၇

CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ဖွဲ့စည်းထားသည့် CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆပ်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာအစိုးရဌာနကိုးခု၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက CMP လုပ်ငန်းများသည် နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေခြင်း၊ ပို့ကုန်တိုးတက်စေခြင်း၊ ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ အခွန်ငွေများရရှိစေခြင်း၊ လုပ်ငန်းအကျိုးဖြစ်ထွန်းမှုအပေါ်မူတည်၍ လုပ်ငန်းများထပ်မံတိုးချဲ့ဆောင်ရွက်လာနိုင်ခြင်း စသည့်အချက်များကြောင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှ အကျိုးပြုသည့်လုပ်ငန်းများဖြစ်ကြောင်း၊ CMP လုပ်ငန်းများတိုးတက်များပြားလာမှုနှင့်အတူ အခွန်ထမ်းမဖြစ်သေးသော CMP လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုမ္ပဏီများအားလုံးက သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပေးဆောင်ရမည့်အခွန်ငွေများ အပြည့်အဝပေးဆောင်လာနိုင်စေရေးကို စိစစ်ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

ထို့ပြင် CMP လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေ၊ ရပ်နားမှုအခြေအနေ၊ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ အခွန် ပေးဆောင်မှုအခြေအနေ၊ လုပ်ခနိုင်ငံခြားငွေများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းမှု ရှိ မရှိ၊ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ခနှင့်ခံစားခွင့်များ အပြည့်အဝရရှိခြင်းရှိ မရှိနှင့် သတ်မှတ်စာရင်းဇယားများကို စနစ်တကျပြုစုထားရှိခြင်း ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေး၍ အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သို့မှသာ CMP လုပ်ငန်းများအနေဖြင့် စနစ်တကျဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားတိုးမြင့်မှုကို ပိုမိုအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီဝင်များက CMP လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်၍ ဆပ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်