Skip to main content

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်ရမည်

နေပြည်တော် မတ် ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် ယမန်နေ့ညနေပိုင်းက မန္တလေးမြို့သို့ရောက်ရှိပြီး အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြတိုက်အဆင့်မြှင့်တင်ခင်းကျင်းခြင်းလုပ်ငန်းရပ်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပြီး အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ငလျင်ဒဏ်ခံဘုရားများ၊ ဒေါ်ဂျမ်းဘုရားစုနှင့် မယ်နုအုတ်ကျောင်းပြုပြင်ထိန်းသိမ်းမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ ပထမနှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စုပေါင်းခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် တိုးတက်ပြန့်ပွားအောင်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမတို့အနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားပို့ချရာတွင် တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသည့်တိုင် ပြင်ပအနုပညာလောကတွင် ဂုဏ်သိက္ခာနှင့်အညီ ပညာတတ်အနုပညာရှင်တစ်ဦးကဲ့သို့ ပြုမူနေထိုင်တတ်စေရန် သင်ကြားပို့ချပေးရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုကျောင်းဆင်းတစ်ဦးအနေဖြင့် အများကလေးစား အားကျရအောင် ပြုမူနေထိုင်ရန်လိုပါကြောင်း၊ ဝတ်စားဆင်ယင်မှုအပိုင်းတွင်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်တတ်ရန်လိုပါကြောင်း၊ ခေတ်နှင့်အညီ အနုပညာများတိုးတက်ပြန့်ပွားအောင် လုပ်ဆောင်ရသကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုလည်း မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေးတို့ကိုဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။ ယင်းနောက် ဂီတ၊ သဘင်၊ ပန်းချီဌာနခွဲများသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံရှိ ရှေးဟောင်းအဆောက်အအုံဖြစ်သည့် ဖိုးပေါ်ဖိုးကုလားဘုရားများ၏ ထိန်းသိမ်းစောင့်ရှောက်မှုကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေးမဟာမုနိဘုရားကြီး ပိဋကတ်ပြတိုက်အား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်