နေပြည်တော် မတ် ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်ဓာတ်အားစနစ်သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့်ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်ဇိုခိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဤဓာတ်အားခွဲရုံသည် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နေသည့် အရေးကြီးသော ပင်မဓာတ်အား ခွဲရုံဖြစ်သည့်အတွက် ခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဓာတ်အား ပြတ်တောက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေး အသိ၊ သတိဖြင့် ဝန်ထမ်းများ အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကာ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၃၃ ကေဗွီ ပျဉ်းမနားဓာတ်အားခွဲရုံသို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဒုတိယ အင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းက ဓာတ်အားထိန်းချုပ်ခန်းမှ Control Panel များဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံနှင့် Switch Yard အတွင်း ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများမှ ဓာတ်အားဖြန့်ဖြူးပေးထားမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်