နေပြည်တော် မတ် ၆
မဲခေါင် – လန်ချန်း သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စံပြမော်ဒယ်ဖြစ်လာမည်
ဦးစွာ ဒုတိယဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်း သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုအဆင့်အတန်း တစ်ပြေးညီဖြစ်စေရေးအတွက် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ပထမအဆင့်စီမံကိန်း၏ အောင်မြင်မှု အုတ်မြစ်များအပေါ် အခြေပြုလျက် ဆက်လက်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မည့် ဒုတိယအဆင့်စီမံကိန်းဖြစ်ပါကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု တည်တံ့ခိုင်မြဲရေး၊ ကျောင်းသားလူငယ်များ၏ ကမ္ဘာနှင့် ဒေသတွင်းစိန်ခေါ်မှုပြဿနာများအား သိပ္ပံနည်းကျဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် အသုံးပြုနိုင်မည့် အသိပညာဖလှယ်ရေးယန္တရားများ တည်ထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ စီမံကိန်းရလဒ်မှာ ဒေသတွင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များအတွက်ပါ အတုယူဖွယ်ရာ စံပြမော်ဒယ် တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။
အရေးပါသောခြေလှမ်း
ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲအားကောင်းစေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက်ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆွေးနွေးညှိနှိုင်း
မွန်းလွဲပိုင်းဆွေးနွေးပွဲ၌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
