နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောမီဒီယာနှင့် သက်တမ်းအမြင့်မားဆုံးသော ဌာနကြီးတစ်ခု ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြ သည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “စိန်ရတုအလှမှန် ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ “ရတုအဆက်ဆက်မှသည် ၇၇ နှစ်တိုင်ခဲ့ပြီ MRTV” Documentary အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
အမှာစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio) အမည်မှ ဗမာ့အသံ (Barma Broadcasting Service-BBS) အမည် ပြောင်းလဲပြင်ဆင်ခဲ့သည့် “ဗမာ့အသံနေ့”ကို မူတည်ပြီး သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် “မြန်မာ့အသံ” အမည်မှ “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” (Myanma Radio and Television-MRTV) အမည်ကို ပြင်ဆင်ပြောင်းလဲလာမှုနှင့်အတူ ခေတ်အဆက်ဆက် သတ်မှတ်ကျင်းပခဲ့သည်မှာ (၇၅) နှစ်မြောက် စိန်ရတုကိုကျော်လွန်လာခဲ့ပြီး ယနေ့တွင် (၇၇)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်အတိုင်း တာဝန်ကျေပွန်စွာဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထု အားလုံးအတွက် အကျိုးပြုခဲ့သည်မှာ (၇၇)နှစ်ကာလ ရှိခဲ့ပြီဖြစ်ပါကြောင်း။
မိမိတို့ငယ်စဉ်ကာလက “မြန်မာ့အသံ” ဟူသည့် ရေဒီယိုအစီအစဉ်သာရှိခဲ့ပြီး မြန်မာ့အသံ၏ ထုတ်လွှင့်မှု၊ ဖျော်ဖြေတင်ဆက်မှုများကို နားထောင်ကြည်နူးခဲ့ရပါကြောင်း၊ ကဏ္ဍစုံနှင့် ရသစုံကို ပေးနိုင်သည့် ဇာတ်လမ်းပမာနားဆင်စရာ၊ အသံလွှင့်ဇာတ်၊ ကွက်စိပ်၊ ဇာတ်သဘင်၊ သောတရှင်တို့လိုရာ၊ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု စသည့်ကဏ္ဍစုံများကို စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ပါကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်ချိန်တွင်လည်း စစ်သည်အတွက် တေးလက်ဆောင်၊ တပ်မတော်စာတိုက် စသည့်တင်ဆက်မှုများကြောင့် ရှေ့တန်းစစ်မြေပြင်တွင် ရွှင်လန်းတက်ကြွ ပျော်ရွှင်ခဲ့ရပါကြောင်း၊ စတင်တည်ထောင်စဉ်ကတည်းက ပြည်သူများ၏ ရင်တွင်း၌ စွဲလမ်းနှစ်ခြိုက်စေသည့် အစီအစဉ်များ၊ တင်ဆက်ဖျော်ဖြေမှုများနှင့် အောင်မြင် တိုးတက်လာသည့်ဌာနဖြစ်ကြောင်းကို ဂုဏ်ယူစွာပြောကြားလိုပါကြောင်း။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားပြီး အစဉ်အလာကြီးမားသည့် ပြည်သူ့ဝန်ဆောင်မှုဌာနကြီးတစ်ခုဖြစ်သကဲ့သို့ ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန်ခဲ့ပြီး ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်ခြင်းကြောင့် ယခုကဲ့သို့ (၇၇)နှစ် ပြည့်မြောက်သည်အထိ အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုကို မားမားမတ်မတ်ဖြင့် ဝင့်ဝင့်ကြွားကြွား စိုက်ထူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၏ လုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်ပါက တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းဖြင့် လုပ်ဆောင်၍ မရဘဲ အားလုံးပူးပေါင်းလုပ်ဆောင်မှုဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ရသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ယနေ့အခမ်းအနားသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အတွက် (၇၇)နှစ် ပြည့်မြောက်သည့်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ MRTV ဝန်ထမ်းများ၏ စည်းလုံး ညီညွတ်မှု၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုတို့ကိုလည်း သက်သေပြခြင်းပင်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ပြီး စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုနှင့် အောင်မြင်မှုရလဒ်များကို ဖော်ထုတ် ပြသနိုင်ခဲ့ခြင်းကြောင့်လည်း ဂုဏ်ယူဝမ်းမြောက်ရကြောင်းကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း နိုင်ငံနှင့်ပြည်သူအတွက် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်သွားနိုင် ကြမည်ဟုလည်း ယုံကြည်မျှော်လင့်ထားပါကြောင်း။
ဖွင့်လှစ်ပေးခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပြီး ဝန်ထမ်းများကို အားပေးဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပြခန်းငယ်ကို စိန်ရတုအထိမ်းအမှတ်အဖြစ် ထည်ထည်ဝါဝါ ခံ့ခံ့ညားညား ပြသနိုင်မည့် အဆောက်အအုံတစ်ခု ပေါ်ပေါက်လာရေး လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး ပြီးခဲ့သည့် (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ဖေဖော်ဝါရီ ၁ ရက်တွင် မိမိကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းသည်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သမိုင်းအဆက်ဆက် ဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများနှင့် တူရိယာပစ္စည်းများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှုများကို ဂုဏ်ပြုပြီး သမိုင်းမှတ်တမ်းများ မပျောက်ပျက်အောင် ရှိနေစေရေး နှင့် နောင်လာနောက်သားများ၊ ဝန်ထမ်းများ၊ ပြည်သူများ လေ့လာသိရှိနိုင်စေရေး စေတနာဖြင့် အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သမိုင်းဟူသည်မှာ ချန်ထား၍မရသကဲ့သို့ ဖျောက်ဖျက်၍လည်း မရပါကြောင်း၊ တစ်ဆက်တည်းတွင် MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရေးအတွက်လည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
အသိပညာပေးနိုင်ခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူစ ကတည်းက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများပြားပြီး တစ်ဆက်တည်း၌ပင် ဆူပူအကြမ်းဖက်မှုများကြောင့် အခက်အခဲများကြားမှ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်နေရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိသလောက်ဖြစ်ပြီး အနည်းဆုံး အခြေအနေသို့ရောက်အောင် ထိန်းနိုင်ခဲ့ရာတွင် မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင် သတင်းစာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ၊ စာအုပ်စာစောင်များမှ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ မိမိကိုယ်တိုင်လည်း တီဗွီ၊ ရေဒီယို၊ သတင်းစာများကို နားထောင်ဖတ်ရှုပြီး ထိထိရောက်ရောက် အသိပညာပေးနိုင်ရေး လမ်းညွှန်မှာကြား အကြံပြုခဲ့သည်ကို ဝန်ထမ်းများအသိပင် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု၊ သေဆုံးမှု များနေသေးသည်ကို တွေ့ရသော်လည်း မိမိတို့နိုင်ငံ၌ အနည်းငယ်မျှသော ကူးစက်မှုများသာရှိပြီး သေဆုံးမှု မရှိတော့ခြင်းသည် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှု၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၏ စီမံဆောင်ရွက်မှု၊ နိုင်ငံပိုင်မီဒီယာများ၏ စဉ်ဆက်မပြတ် နည်းမျိုးစုံဖြင့် အသိပညာပေးမှု၊ ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်မှုများကြောင့်ပင်ဖြစ်သဖြင့် အားလုံးကို ကျေးဇူးတင်သကဲ့သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပါအဝင် နိုင်ငံပိုင်မီဒီယာအားလုံး ကိုလည်း မှတ်တမ်းတင်ကြောင်းကို ပြောလိုပါကြောင်း။
လက်ရှိအခြေအနေတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ သို့သော်လည်း နှစ်နှစ်တာကာလလုံးဖြစ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲ ဖျက်ဆီးမှုများသည် သိသိသာသာ လျော့နည်းကျဆင်းသွားခြင်း မရှိသေးကြောင်း၊ မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြသည့် ပြည်ပနိုင်ငံကြီးများနှင့် ပြည်သူ အကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းအကျိုးစီးပွားကိုသာ ရှေးရှုနေကြ သည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ကာလရှည်ကြာ ရပ်စဲထား ပေးခဲ့ခြင်း၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဖိတ်ခေါ် ခြင်း၊ အလားတူ အကြမ်းဖက် လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းနေကြသူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်း ညင်သာစွာ ဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုး မြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းစသည့် မရိုးသားသည့် နည်းလမ်းများဖြင့် စည်းရုံးသိမ်းသွင်းပြီး လမ်းမှားသို့တွန်းပို့ကာ နိုင်ငံတော်ကို ဖျက်ဆီးနေကြဆဲဖြစ်သောကြောင့် ပြည်သူများနှင့် လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာစေရေး ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ပြီး ဆောင်ရွက်သွားကြရန် မှာကြားလိုပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ယခုအချိန်တွင် ပြည်သူကို အသိပညာဗဟုသုတပေးနိုင်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များကို လမ်းမှားမရောက်စေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာ စေရေးသည်လည်း ပိုမိုအရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကြီးကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်း တာဝန်ယူကြမည့်သူများ ဖြစ်နေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိဘ၊ ဆရာများ တွင် တာဝန်ရှိသည်ဟု ဆိုရမည်ဖြစ်သော်လည်း မိမိတို့မီဒီယာများမှ စဉ်ဆက်မပြတ် အသိပညာ ပေး၊ ဗဟုသုတများ ဖြန့်ဝေပေးနေပါက ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံကမြှင့်တင်ပေးလျက်ရှိပြီး KG+9 ပြီးမြောက်အောင် သင်ယူကြစေရေး အားပေးလုပ်ဆောင်လျက်ရှိပါကြောင်း၊ အဓိကမှာ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်သူလူထုကို အတွေးအခေါ်အယူအဆနှင့် အလုပ်အကိုင်များ မှန်ကန်စေရေး တို့အတွက် မီဒီယာပိုင်းက ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန် အခြားသက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက်၊ နိုင်ငံတော်၏ရှေ့ရေးအတွက် ဆောင်ရွက်နေကြောင်းကို ပြည်သူလူထု သိရှိစေရေး ပြန်ကြားရေးကဏ္ဍမှ အလေးထားဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်း။
တည်ထားကိုးကွယ်
မိမိတို့နိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပလျက်ရှိနေသည်ကို ကမ္ဘာကိုပြသနိုင်ရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိရန်နှင့် ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ကြပြီး ဒေသတိုးတက်စည်ကားစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆိုပါက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)ကို ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းလုံးက ကုသိုလ်ရှင်များလှူဒါန်းသည့် ဌာပနာတော်များကိုလည်း ထည့်လှူပူဇော်ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး၊ ပိဋကတ်ကျမ်းစာများကို ကျောက်စာတော်များ ထုဆစ်ပူဇော်ပြီး ကျောက်စာရုံစေတီတော်များ တည်ဆောက်ရေး၊ ရင်ပြင်တော်များ၊ သုဓမ္မာဇရပ်များနှင့် အခြား သော သာသနိကအဆောက်အဦများ တည်ဆောက်ရေး၊ ဗုဒ္ဓဥယျာဉ်တော်ကြီး သာယာလှပ စေရေးတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် ဗုဒ္ဓအမွေအနှစ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ မဟာရံတံတိုင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများက လှူဒါန်းနိုင်ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအဝင် တီဗွီ၊ ရေဒီယို၊ သတင်းစာများက နှိုးဆော်တိုက်တွန်းပေး နေသည်ကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
MRTV News Channel ကို အသွင်သစ်၊ အမြင်သစ်၊ ပုံစံသစ်နှင့် အရန်စတူဒီယိုမှ ပူးပေါင်း ထုတ်လွှင့်ခဲ့ရာမှ ယခုအခါ စတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်သန်း ၁၁၅၀ (ငွေ ကျပ်သန်း တစ်ထောင့်တစ်ရာ့ငါးဆယ်) အသုံးပြုကာ သတင်းထုတ်လွှင့်ခန်းနှင့် ခေတ်မီစက် ပစ္စည်းများ တပ်ဆင်ပြီးဖြစ်ပြီး ယခုအခမ်းအနားအပြီးတွင် ဆက်လက်ဖွင့်လှစ်ပေးမည် ဖြစ် သည့်အတွက် သီးသန့်စတူဒီယိုအဖြစ် စတင်အသုံးပြုပြီး ထုတ်လွှင့်နိုင်တော့မည် ဖြစ်ပါကြောင်း။
ရပ်တည်နေ
နိုင်ငံနှင့်ပြည်သူအကျိုးကို မီဒီယာနှင့်ဝန်ဆောင်မှုပေးနေသည့် MRTV သည် တိုင်းရင်းသား ဘာသာစကား အမျိုးအမည် ၂၀ နှင့် ဘာသာစကားများစွာ ထုတ်လွှင့်နိုင်မှုကြောင့် ကမ္ဘာ့အလယ် တွင် ထူးခြား၊ ထင်ရှားသည့် ရုပ်သံလွှင့်ဌာနကြီးအဖြစ် ရပ်တည်နေသည်ကိုလည်း သိရှိရသည့်အတွက် ဌာနနှင့်ထပ်တူ ဂုဏ်ယူပါကြောင်းလည်း ပြောကြားလိုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် MRTV ၏ဝန်ထမ်းဟောင်းများက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများကလည်း သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် MRTV အနေဖြင့် အနာဂတ်တွင် ရေရှည်တည်တံ့အောင်မြင်သည့် ဌာနကြီးအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ယနေ့ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ စိတ် စေတနာနှင့် ခံယူချက်၊ ယုံကြည်ချက်၊ ကြိုးစားဆောင်ရွက်မှုများအပေါ်၌ တည်ရှိနေသည် ဆိုသည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ ခိုင်မာစွာ စောင့်ထိန်းခဲ့သည့်မူရှိပြီးဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်ခြင်းဆိုသည်မှာ လူများ၏စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပြီး တိုင်းရင်းသားများထိန်းသိမ်းအပ်သည့် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ပြည်သူလူထု၏ စိတ်နှလုံးထဲတွင်ရှိနေစေရေး ဆက်လက် ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံသူနိုင်ငံသားများ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေး အမြင်ရှိအောင်လည်း လုပ်ဆောင်ပေးကြရန် တိုက်တွန်း လိုပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မူလလုပ်ငန်းတာဝန်များအပြင် သီးခြားပေးအပ်လာ သည့် လုပ်ငန်းတာဝန်များအပေါ် ကြိုးစားထမ်းဆောင်နေသကဲ့သို့ နိုင်ငံအတွင်း၌ အနုပညာလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်လုပ်ကိုင်နိုင်စေရေးနှင့် အနုပညာ လောကသားများ၏ စားဝတ်နေရေးကိစ္စများ အဆင်ပြေစေရေး တတ်စွမ်းသမျှကြိုးပမ်း ဆောင်ရွက်ပေးနေသည်ကိုလည်း အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။
နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နေ့စဉ်တင်ဆက်နေသည့်သတင်းနှင့် အစီအစဉ်များ ပိုမိုအရည်အသွေး ကောင်းမွန်စေရေး၊ Content ပိုင်း ဆိုင်ရာအသစ်အသစ်များ ဖန်တီးထုတ်လုပ်ပြီး သတင်းအချက် အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်၊ နိုင်ငံတကာရုပ်သံ လုပ်ငန်းများ၏ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး ယှဉ်တွဲလိုက်ပါဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးမြှင့်လာစေရေး အတွက် ဝန်ထမ်းအားလုံး၏ စွမ်းဆောင်နိုင်မှု အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး တိုးတက်အောင်လုပ်ဆောင်ကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ပေးစွမ်း နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြပြီး နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုးအားထား ပြုရသည့် ဌာနကြီးတစ်ခုဖြစ်အောင် ယခင်ကထက် ပိုမိုစည်းလုံးသည့်၊ ပိုမိုညီညွတ်သည့် စိတ်ကောင်းစေတနာအပြည့်ဖြင့် သယ်ပိုးစွမ်းဆောင်ပေးကြပါရန် တိုက်တွန်းမှာကြားလို ကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ် ပြည့်မြောက်သည့်နေ့မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာအထိ အောင်မြင်မှုများနှင့်အတူလျှောက်လှမ်းပြီး ဂုဏ်ယူဝင့်ကြွားစွာ ရှင်သန်ရပ်တည်နိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က 10th ASEAN Quiz (Regional Level) ပြိုင်ပွဲအား နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပနိုင်မှုနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ် နွှဲပျော်ဂီတပွဲတော်” Season-2 အား အောင်မြင်စွာ စီစဉ်တင်ဆက်နိုင်မှုတို့အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ၇၇ သိန်းကို ချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ “အသစ်တစ်ဖန် ခေတ်သဏ္ဌာန် MRTV” တေး သီချင်း၊ “ရှင်သန်နေမည် MRTV” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား “News Channel Studio” ဖွင့်လှစ်ခြင်းကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အဝင်ဆိုင်းဘုတ်ငယ်ကို အမွှေးနံ့သာ ရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဦးဝင်းရှိန်တို့နှင့်အတူ “News Channel Studio”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် “News Channel Studio” နှင့်ပတ်သက်သည့် Video Clip ကို ကြည့်ရှုအားပေးပြီး Studio အတွင်း လှည့်လည်ကြည့်ရှုကြကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့်ခန်းများ၊ Myanma Radio (English FM Channel) အင်္ဂလိပ်ပိုင်းသတင်းနှင့် အစီအစဉ်များထုတ်လွှင့်နေမှု၊ တိုးချဲ့ထုတ်လွှင့်လျက်ရှိမှု၊ သပြေရေဒီယိုအသံလွှင့်ချိန် တိုးချဲ့ထုတ်လွှင့်လျက်ရှိမှုများကို လည်းကောင်း၊ Convergence News Room ၊ MRTV HD ၊ MRTV News ထုတ်လွှင့် ခန်းများနှင့် Master Control Room ၊ MRTV HD News Studio နှင့် MRTV News ၊ Radio Tape Library ၊ Radio News Room၊ Auditorium တို့ကိုလည်းကောင်း ကဏ္ဍတစ်ခုချင်းစီအလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှု၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကဏ္ဍအလိုက်တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြမှုများအပေါ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် မီဒီယာကဏ္ဍတွင် ရှေ့ဆောင် စံပြအဖြစ် ရှိနေရမည်ဖြစ်ပြီး အမြင့်ဆုံးမှ ရပ်တည်နေရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျော် ညီသည့် ထုတ်လွှင့်မှုပုံစံဖြစ်ရမည်ဖြစ်သကဲ့သို့ မြန်မာမှုထုံးတမ်း စဉ်လာများကိုလည်း ထိန်းသိမ်း ရမည်ဖြစ်ကြောင်း၊ မြန်မာစာ၊ မြန်မာစကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဌာန်းကရိုဏ်း ကျကျဖြင့် ပြောဆိုတင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပိုင်းအစီအစဉ်များကိုလည်း အသံအနေအထားမှန်ကန်စွာဖြင့် ဆောင်ရွက်ပြီး နားထောင်သူများက အတုယူနိုင်ရန်လို ကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများနှင့် လုပ်ငန်းတာဝန်များကို ပျော်ရွှင်စွာဖြင့် ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆွေးနွေးပြော ကြားသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် “ဗမာ့အသံ” (Burma Broadcasting Service-BBS)အမည်ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်ခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်များတွင် နေရာပြောင်းရွှေ့ပြီး အမည်နာမမျိုးစုံဖြင့် ဖြတ်သန်းခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ပြည့် နှစ် ဇွန်လ ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြားကို စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်မှ စ၍ ရုပ်မြင်သံကြားအစီအစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မူလရေဒီယိုအသံလွှင့်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန (Myan-mar Television and Radio Department –MTRD) အမည်ဖြင့် ပြင်ဆင်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) အမည်ကို ပြောင်းလဲကာ ယနေ့တိုင် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြောင်း။
ယခုအခါ MRTV-HD၊ MRTV-News တို့အပြင် တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့် ထုတ်လွှင့်နေ သည့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (MRTV-NRC)၊ တောင်သူလယ်သမားရုပ်သံလိုင်း (MRTV-Farmer’s)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel)နှင့် အားကစားရုပ်သံလိုင်း(MRTV Sports Channel)တို့ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုးချဲ့ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကော ကရင်၊ အရှေ့ပိုးကရင်၊ အနောက် ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”ဘာသာစသည့် တိုင်းရင်းသား ၁၇ မျိုးဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့်အပြင် MRTV Website အပါအဝင် Online ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကိုလည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့အသ ံရေဒီယိုအနေဖြင့် ရေဒီယိုအစီအစဉ်များကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့်လည်း ထုတ်လွှင့်ပေး လျက်ရှိသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် Myanma Radio English FM Channel နှင့် သပြေ ရေဒီယိုတို့အား တိုးချဲ့ထုတ်လွှင့်ပေးလျက်ရှိသည်။
ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV သည် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင်မီဒီယာကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်