နေပြည်တော် ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ကော့သောင်းမြို့မှ အလွန်ဝေးကွာသော မိုင်ပေါင်း ၇၄၅ မိုင်ခန့်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေတပ်ဆိပ်ခံတံတား(မင်းဂံ)သို့ ရောက်ရှိကြသည်။
စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသားတို့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ပြည်နယ်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြသည်။
ပြန်လည်ခေါ်ဆောင်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ကာ နေ့လယ်စာနှင့် ရေသန့်ဘူးများပေးဝေခဲ့ကြသည်။ ထို့နောက် နေရပ်ပြန်မြန်မာနိုင်ငံသားများအား နယ်မြေခံဗျူဟာစစ်ရေယာဉ်စု ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က တွေ့ဆုံအားပေးစကားပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်သည်။ ၎င်းနောက် နေရပ်ပြန်မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံကာ အလွန်ဝေးလံသည့်နေရာဒေသများသို့ အချိန်တိုအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။