နေပြည်တော် ဖေဖော်ဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားလျက်ရှိရာ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး ယနေ့တွင် နေပြည်တော်ကောင်စီပြည်ထောင်စုနယ်မြေ၌ ရွှေထည် ၄၂ ကျပ်သား ၁၄ ပဲ ၂ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၆၁ ကျပ်သား ၃ ပဲ ၇ ရွေး၊ ဓာတ်တော်မွေတော်၊ ပုလဲ၊ ကျောက်မျိုးစုံနှင့် ငွေထည်ပစ္စည်းများ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရွှေထည် ၄၁ ကျပ်သား ၄ ပဲ ၂ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၅၂ ကျပ်သား ၃ ပဲ ၆ ရွေး၊ စိန်၊ ပုလဲ၊ ပလက်တီနမ်နှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်းများ၊ ဓာတ်တော်မွေတော်၊ ဘွဲ့တံဆိပ်များ၊ အလှူငွေကျပ် ၇၀၁၁၂၀၀၀ နှင့် မန္တလေးတိုင်းဒေသကြီး၌ ရွှေထည် ၂၂ ကျပ်သား ၁၁ ပဲ ၇ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၃၇ ကျပ်သား ၆ ပဲ ၂ ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်းများ၊ အလှူငွေကျပ် ၁၈၀၀၁၇၀၀၀ တို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၆၉ ကျပ်သား ၉ ပဲ ၁ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၃၃ ကျပ်သား ၃ ရွေး၊ စိန်၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ဓာတ်တော်မွေတော်များ၊ ငွေထည်ပစ္စည်းများ၊ ဒင်္ဂါးပြားများ၊ အလှူငွေကျပ် ၉၆၁၃၁၄၀၀ တို့ကို ဌာပနာ သွင်းလှူပူဇော်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
(၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း သွင်းလှူပူဇော်လိုပါက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။