Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ စက်တပ်ဆင်အင်အားမဂ္ဂါဝပ် ၁၂၀ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေး စက်ရုံကို ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်နှင့် ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

စက်ရုံတွင် စက်ရုံမှူး ဦးနေဇော်လတ်က ဓာတ်အားထုတ်လုပ်မှု၊ Energy Meter များတပ်ဆင်ထားမှု၊ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုတို့ ကိုတင်ပြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဒေါက်တာကျော်စွာစိုးနိုင်က နှစ်အလိုက်ကျောက်မီးသွေးသုံးစွဲမှုနှင့် ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှုကို ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက ဤစက်ရုံသည် နိုင်ငံတော် Generation Mix အတွင်း Grid Reliability အတွက်အရေးပါသော Base Load Power Plant ဖြစ်သဖြင့် နိုင်ငံတော်ဓာတ်အားစနစ်ထိခိုက်မှုမရှိစေရေး၊ စက်ရုံကြံ့ခိုင်မှုကောင်းမွန်စေရေးနှင့် စက်စွမ်းရည်ပြည့်လည်ပတ်စေရေး အလေးထားဆောင်ရွက်ရန်၊ Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများအား ပုံမှန်ကြည့်ရှုစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းသွားရန်မှာကြားပြီး စက်ရုံအတွင်း စက်များမောင်းနှင်နေမှုနှင့် Switchyard အတွင်းရှိ ထရန်စဖော်မာများနှင့် Switchgear များ၊ တီကျစ်ကျောက်မီးသွေးမိုင်း၊ စက်ရုံရှိရေသန့်စနစ်နှင့် ကျောက်မီးသွေးဓာတ်ခွဲစမ်းသပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဝန်ထမ်းများအားလုံး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ လုံခြုံရေး၊ ကျန်းမာရေးတို့ကို အထူးဂရုစိုက်ကြရန်၊ လုပ်ငန်းခွင်အတွင်း အစဉ်တိုးတက်အောင်ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ဒုတိယဝန်ကြီးက အမှတ်တရသစ်သီးခြင်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်