Skip to main content

စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၈

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဉ္စမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မှန်ကန်တိကျစွာ ဝန်ဆောင်မှုပေးရန်လို

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တည်ဆဲဥပဒေများအရ စာချုပ်စာတမ်းများတရားဝင်ဖြစ်စေရေး၊ ပြည်သူလူထု၏ပစ္စည်းလွှဲပြောင်းမှုများ တရားဝင်ဖြစ်စေရေးနှင့် ပြည်သူလူထုအား လိမ်လည်မှုမှအကာအကွယ်ပေးနိုင်ရေးလုပ်ငန်းရပ်များကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် ဥပဒေနှင့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ မှန်ကန်တိကျစွာ ဝန်ဆောင်မှုပေးရန်လိုကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနေခြင်းဖြစ်ကြောင်း။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းအား ခေတ်နှင့်လျော်ညီစွာ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနိုင်ရေးအတွက် DDMS (Digital Deed Management System) စနစ်ကို အသုံးပြုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လယ်ယာမြေနှင့်ပတ်သက်သော စာချုပ်စာတမ်းများကိုလည်း ဥပဒေနှင့်အညီမှတ်ပုံတင်ပေးရာ၌ FDMS (Farm Land Deed Management System) စနစ်ကို အသုံးပြုဆောင်ရွက် လျက်ရှိကြောင်း၊ အွန်လိုင်းမှစာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ မူပိုင်ခွင့်နှင့်အရည်အသွေးဆိုင်ရာပိုင်ဆိုင်ခွင့်ကို ပြည်သူများတစ်ပါတည်း ရယူခံစားနိုင်ကြစေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်အခများရရှိရန်ဆောင်ရွက်ချက်များ၊ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ကျင့်သုံးဆောင်ရွက်ရာတွင် သတိပြုဆောင်ရွက်ရမည့် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

တက်ရောက်

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအနေဖြင့် ပဉ္စမအကြိမ်မြောက်အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးတွင် ဇုန်နယ်မြေငါးခုခွဲခြားသတ်မှတ်၍ ကျင်းပသွားရန် စီစဉ်ထားရှိရာ ဇန်နဝါရီ ၇ ရက်က ပထမဇုန်ဖြစ်သည့် နေပြည်တော်၌လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက်က ဒုတိယဇုန်အဖြစ် မန္တလေးမြို့၌ လည်းကောင်းကျင်းပခဲ့ပြီး ယနေ့ရန်ကုန်မြို့၌ ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲသည် တတိယဇုန်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်