Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပင်းပက်-နောင်ကားရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့် ဘူတာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါ ရီ ၂၆ ရက်မှ ယနေ့အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ် (၄)၊ ကလောမှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ပင်းပက်-နောင်ကားရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှု၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီးဘူတာများနှင့် ယာဒ်ဝင်းများ၏ လက်ရှိအခြေအနေများကို စစ်ဆေးသည်။

သတ်မှတ်ကာလပြီးစီးအောင် ဖောက်လုပ်

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ပင်းပက်- နောင်ကား ရထားလမ်းသစ်ဖောက်လုပ်ရာတွင် မြေကြီးကို သိပ်သည်းမှုအရည်အသွေးရရှိအောင် အလွှာလိုက်ဖိကြိတ်၍ Compaction ကောင်းမွန်အောင်ဆောင်ရွက်ပြီး သတ်မှတ်ထားသည့် အရည်အသွေးရရှိအောင် စစ်ဆေးပြီးမှသာလျှင် သံလမ်း၊ ကွန်ကရစ်ဇလီဖားခင်းခြင်းနှင့် လမ်းခင်းကျောက်ထည့်သွင်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားရန်၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထားသည့် Gradient နှင့် ကွေ့များတွင် Alignment မှန်ကန်မှုရှိစေရေးဆောင်ရွက်ရန်၊ တံတားများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစေရေး Quality Control ကို အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဖောက်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေညောင်-အေးသာယာ-ပေါမူ-ထီသိမ်-ရေထွက်ဦး-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေမှုကို စစ်ဆေးခဲ့ပြီး ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်းထည့်သွင်းရေး၊ အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထည့်သွင်းရေးဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်၊ ရွှေညောင်-သာစည်နှင့် သာစည်-မြင်းခြံရထားလမ်းပိုင်းများကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ခရီးသွားပြည်သူများ စိတ်ချမ်းသာရေး

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီးဘူတာများနှင့် ဘူတာယာဒ်ဝင်းများကိုစစ်ဆေးခဲ့ပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များမရှိစေရေး၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှပင်များစိုက်ပျိုးသွားရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်