နေပြည်တော် ဇန်နဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စိန်ရတုနှစ်ပတ်လည်ကာလတွင် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းပြောကြားပြီး မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ကုန်းလမ်း၊ ရထား၊ ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း စသော ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသောလုပ်ငန်းများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်းရေးကိစ္စရပ်များ၊ ဆက်သွယ်ရေးကဏ္ဍ ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦတည်ဆောက်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံရေး၊ ဆိုက်ဘာလုံခြုံရေး၊ နိုင်ငံတော်အတွင်း လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုရန်ဆောင်ရွက်လျက်ရှိ မှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ ပြည်တွင်းရေကြောင်းနှင့် ကမ်းရိုးတန်းသွားရေ ယာဉ်အသုံးပြုရေးဆိုင်ရာများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ကျွမ်းကျင်သူများအကြား ဆွေးနွေးရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)