နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် (KG + 12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည် ဖြစ်သဖြင့် ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာတို့ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာ နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဇွန်လ ကျောင်းဖွင့်ရက် မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းပြုစုကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်မှူးချုပ်များနှင့် တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းက မှာကြားလိုက်သည်။
နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့မှာကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍ စနစ်တကျ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ KG + 12 နှင့် ချိတ်ဆက်မိသော တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများကို ဆက်လက်ရေးဆွဲပြုစုကြရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ယင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သတ်မှတ်ကာလအတွင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ စာစစ်မှူးချုပ်များက ဘာသာရပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးတင်ပြ ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
သတင်းစဉ်