Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၆   

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှုသည် ယခုနှစ်တွင် စိန်ရတုနှစ်ပတ်လည် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၅၀ ပြည့်လွန်ကာလများတွင် နှစ်နိုင်ငံအကြားဆက်ဆံရေး အထူးကောင်းမွန်ခဲ့ပြီး ယခုတစ်ဖန် နှစ်နိုင်ငံဆက်ဆံရေးမှာ စာမျက်နှာသစ်တစ်ခုဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာရေး၊ ပို့ဆောင်ရေး၊ ခရီးသွားလာရေး၊ လျှပ်စစ်၊ စွမ်းအင်၊ ဘဏ္ဍာရေး အစရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလမ်းကြောင်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်းစဉ်