Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆို

နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်း မော်ကွန်းတင်ဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

ဦးစွာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင်ဖွင့်ပွဲအခမ်းအနားကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို အစဉ်အမြဲထိန်းသိမ်း စောင့်ရှောက်ကြရန်၊ လေ့လာဆည်းပူးခဲ့ရသော လူမှုစီးပွားရေးပညာရပ်များကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်သည့် စွမ်းအားပြည့်ပူးပေါင်းဆောင်ရွက်သော လူငယ်လူရွယ်များဖြစ်အောင်ကြိုးစားကြရန်နှင့် လူမှုစီးပွားရေးစနစ်ကို အခြေခံသောသမဝါယမသဘောတရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေးစားတန်ဖိုးထားသည့် လူငယ်လူရွယ်များဖြစ်စေရန် မှာကြားသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင်ဖွင့်ပွဲ အခမ်းအနားကျင်းပရခြင်းအကြောင်း ပြောကြားပြီး မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းသား ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို အားပေးကြည့်ရှုပြီး ဂုဏ်ပြုဆုငွေများပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စာသင်ဆောင်များ၊ ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၊ မန္တလေးတိုင်းဒေသ ကြီးသမဝါယမအသင်းစုချုပ်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်