Skip to main content

စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စားပြု စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့၏ထင်ရှားပြီး သမိုင်းမှတ်ကျောက်တင်နိုင်သော အခမ်းအနားဖြစ်ပါကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်သူများ၊ အထိမ်းအမှတ်ပြခန်းများတွင် ပါဝင် ဆောင်ရွက်သူများ၊ ဂုဏ်ပြုစစ်ကြောင်းတွင် ပါဝင်သူများ၊ ဂုဏ်ပြုဆောင်၊ ဗိုလ်ရှုဆောင်အခမ်းအနားများ ပြင်ဆင်မှုတွင် ပါဝင်သူများ စသည့်ကဏ္ဍ အသီးသီးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်သူများကို အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့် ကြုံတောင့်ကြုံခဲ စိန်ရတုလွတ်လပ်ရေးနေ့တွင် တစ်တပ်တစ်အား ပါဝင် ဆင်နွှဲခွင့်ရရှိခဲ့သည့်အတွက် မိမိတို့၏ ဘဝတစ်သက်တာတွင် အစဉ်ထာဝရ ဂုဏ်ယူနေရမည် ဖြစ်ပါကြောင်း၊ ယခုလို နိုင်ငံတော်အဆင့် အခမ်းအနားတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများကို ယနေ့ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ဂုဏ်ပြုခြင်းဖြစ်ကြောင်း။

ယခုကဲ့သို့ ဂုဏ်ပြုညစာစားပွဲ ကျင်းပရခြင်းမှာ အချင်းချင်းစည်းလုံး ညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် အတွေ့အကြုံများ ဖလှယ်ခွင့်ရရှိစေရန်၊ အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား ချီတက် လမ်းလျှောက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က တစ်ဦးချင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို Draw Lucky Software ဖြင့် တစ်ဦးချင်းအလှည့်ကျ ဗလာမပါကံစမ်း မဲဖောက်ပေးသည့်အစီအစဉ်များဆောင်ရွက်၍ ဝန်ထမ်းများနှင့် ဧည့်သည်တော် များကို ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက် လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်