နေပြည်တော် အောက်တိုဘာ ၁၀
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနရှိ သွားကျန်းမာရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဦးစီးအဖွဲ့သည် ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား သွားနှင့်ခံတွင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကုသပေးခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါအဖွဲ့တွင် ဆရာဝန်များ၊ သူနာပြုများနှင့် သူနာပြုအကူများဖြင့် စုဖွဲ့ထားပြီး ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား သွားနှင့် ခံတွင်းရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ သွားနုတ်ပေးခြင်း၊ သွားဖာခြင်းကုသရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြစ်သော ကျေးလက်ဒေသအထိ ကွင်းဆင်းဆောင်ရွက်ပေးရန်၊ ပြည်သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရန် ရည်ရွယ်ချက်များအား ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းများ အပြင်ဝေးလံခေါင်ဖျားသည့် ဒေသများအထိ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို တစ်လတစ်ကြိမ်နှုန်းဖြင့် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်