Skip to main content

မြန်မာ့ဆန်စပါးညီလာခံ -၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ 

နေပြည်တော် အောက်တိုဘာ ၆

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ် ဦးတည်လားရာများကို လေ့လာသုံးသပ်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ဆန်စပါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း  တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲ တပ်ဆင်ရမည့် အစီအစဉ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ  ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များကို ဆွေးနွေး ဖော်ထုတ်ရန် ရည်ရွယ်၍ “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါးညီလာခံ -၂၀၂၂ (Myanmar Rice Conference – 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ စီးပွားရေးရာ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ပုဂ္ဂလိကဘဏ်များနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရှေးရာစုနှစ်များစွာကတည်းက ဆောင်ရွက်လာခဲ့သည့်  မိရိုးဖလာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်စနစ်များ ပြောင်းလဲလာမှုနှင့်အတူ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ခြင်း ကဏ္ဍတွင်လည်း ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုများစွာ ပေါ်ပေါက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်ကိုသာ အဓိကစားသုံးကြခြင် းဖြစ်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ကောက်ပဲသီးနှံ တစ်ခုလည်း ဖြစ်ပါကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပို့ကုန် တိုးမြှင့်တင်ပို့နိုင် ရေးအတွက် နိုင်ငံ၏ ရေ၊ မြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်ပစျေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာများရှိသည့် ပို့ကုန်များကို ပိုမိုတိုးချဲ့ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် ဆန်စပါးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အချိန်တိုအတွင်း ရလဒ်ကောင်းများ ရစေနိုင်သည့် (Quick Win) အစီအစဉ် တစ်ခုလည်း ဖြစ်ပါကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီးပွားရေး ဦးတည်ချက်များထဲတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် မြေအရင်းအမြစ်၊ ရေသယံဇာတနှင့် လူသားအရင်းအမြစ်များ ပြည့်စုံပြီး ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို စနစ်တကျစီမံ ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ဆင်းရဲမှု လျော့နည်း ပပျောက်ရေးအတွက်သာမက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက် ရှိနေပြီး နိုင်ငံတိုင်းက ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဦးတည်ပြီး မူဝါဒမျိုးစုံချမှတ်ကျင့်သုံး နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုသို့သော အခြေအနေမျိုးတွင် စိုက်ပျိုးရေးကို အခြေခံပြီး စားနပ်ရိက္ခာ ကောက်ပဲသီးနှံ ထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ များစွာ ပေါ်ပေါက်လာသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပေါ်ပေါက်လာသည့် အခွင့်အလမ်းကောင်းကို အမိအရ ရယူပြီး နိုင်ငံ့ဖွံ့ဖြိုး တိုးတက်မှုဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း အသိပေးလိုပါကြောင်း၊ အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါး တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်း တစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါကြောင်း။

ပြည်ပပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင်အထည် ဖော်လျက်ရှိသည့် “အမျိုးသားပို့ကုန် မဟာဗျူဟာ” ၏ ဦးစားပေးပို့ကုန် အမယ်ထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ကဏ္ဍသည် ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ ဆန်စပါး တင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာ၏ မျှော်မှန်းချက်သည် “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေ တိုးပွားလာစေရေးအတွက် အရည်အသွေး မြင့်မားပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါး ထုတ်လုပ်ရေးနှင့်တင်ပို့ရေး” ဖြစ်ပါကြောင်း။

အဆိုပါ မဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ဆန်စပါး တိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ယခု “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” ကို “နိုင်ငံ့စီးပွား မြှင့်တင်ဖို့ ဆန်စပါးဖြင့်ကြိုးပမ်းစို့ (Rising with Rice)”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)တို့ ပူးပေါင်းကျင်းပခြင်းကိုလည်း ကြိုဆိုပါကြောင်း။

ယခုကျင်းပသည့် ညီလာခံတွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ် ဦးတည်ချက်လားရာများကို လေ့လာသုံးသပ်ပြီး အမျိုးသားပို့ကုန် မဟာဗျူဟာနှင့်အညီ ဆန်စပါး စိုက်ပျိုးထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရမည့် လုပ်ငန်းအစီအစဉ်များ၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများမှ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း၊ မြန်မာ့ဆန်စပါး ညီလာခံကို အစိုးရ-ပုဂ္ဂလိက  ဆွေးနွေးပွဲ (Public-Private Dialogue) ပုံစံဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ဆန်စပါးနယ်ပယ်အတွင်းတွင် ကွဲပြားသည့် လုပ်ငန်းတာဝန်များနှင့် ပါဝင်လျက် ရှိသူများအနေဖြင့် ဆွေးနွေးမှုများကတစ်ဆင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူညီသည့်ဦးတည်ချက်များ ချမှတ်သွားနိုင် လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း။

ယနေ့ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရကလည်း နိုင်ငံသူ နိုင်ငံသားများအားလုံး စားရေရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝစွာ ရရှိရေး၊ အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆန်စပါးသည် အဓိကစိုက်ပျိုး ထုတ်လုပ်သည့် သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုး ဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့် ရှိပါကြောင်း။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက  ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း၊ စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း။ တိုင်းပြည်၏ အဓိကသီးနှံဖြစ်သည့် စပါး ၁ ဧက ထွက်နှုန်းကို ရည်မှန်းချက်ဖြစ်သည့် တင်း ၁၀၀ ထွက်ရှိနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ တစ်နှစ်ကို ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်၊ တစ်နည်းအားဖြင့် ၉၇ ပြည်ခန့် စားသုံးမှုရှိသည့်အတွက် နိုင်ငံအတွင်း စားသုံးမှုသည်လက်ရှိ စပါးစိုက်ပျိုးမှုနှင့် ဖူလုံပိုလျှံမှု ရှိပါကြောင်း၊ လက်ရှိ စပါးစိုက်ပျိုးဧကအတိုင်း သီးထပ် အပြည့်အဝ စိုက်ပျိုးနိုင်မည် ဆိုပါက များစွာပိုလျှံပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စပါးစိုက်ဧက တိုးချဲ့ရေးထက် လက်ရှိ စပါးစိုက်မြေများတွင် စပါးပြီးစပါး၊ စပါး ပဲ  စပါး၊ စပါး နေကြာ စပါး စသဖြင့် မိမိတို့ နှစ်သက်ရာ သီးနှံများဖြင့် တွဲဖက်ပြီး သီးထပ်အဖြစ် စိုက်ပျိုးသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထုတ်လုပ်မှုရှိမှသာ ထုတ်ကုန်ပစ္စည်းရှိပြီး ရောင်းကုန်ပစ္စည်းလည်း ရရှိလာမည်ဖြစ်ကြောင်း။

ထို့ပြင် ပြည်တွင်းဆန်ရိက္ခာ ဖူလုံပိုလျှံပြီး ပြည်ပသို့ ပိုမို တင်ပို့နိုင်ရေးအတွက်လည်း စပါးစိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်မှု ဖြစ်စေရေး ထိထိရောက်ရောက် ကြိုးပမ်းကြရန် အရေးကြီးကြောင်း။

စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရန် အရေးကြီးသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စပါးမျိုး ၉၀ ကျော် စိုက်ပျိုးလျက် ရှိရာတွင် ပြည်တွင်းဈေးကွက် အကြိုက် စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် စပါးမျိုးမြောက်မြားစွာ စိုက်ပျိုးနေမည့်အစား ရေလိုအပ်ချက်နည်းပြီး ရေကြီးနစ်မြုပ်မှုဒဏ်၊ ပိုးမွှားဒဏ် ခံနိုင်သည့်ဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီသော ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး ပြည်တွင်းဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးသန့်စိုက်ပျိုးသည့်ဓလေ့မှ အရည်အသွေးကောင်းသည့် မျိုးစေ့များ ဝယ်ယူသုံးစွဲ စိုက်ပျိုးနိုင်သည့် အခြေအနေရောက်ရှိနိုင်ရန်ကိုလည်း ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့်လည်း ‌မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုခြင်းနှင့်အတူ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့ကို ရောနှော ရောစပ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကျင့်သုံး ဆောင်ရွက်ခြင်းတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည်ကို အကြံပြု တိုက်တွန်းလိုပါကြောင်း။

မကြာမီ ရောက်ရှိတော့မည့် နွေစပါးရာသီအတွက် ဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ် (Contract Farming) ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကကိုကျပ် ၂ သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးမည်ဖြစ်ပြီး ဆန်စပါးသီးနှံ အတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ ပေးအပ်သွားရန် စီစဉ်ပေးထားပါကြောင်း၊ အဆိုပါထောက်ပံ့မှုများသည် မျိုး၊ မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီး သက်ဆိုင်သူအားလုံးက အကျိုးရှိစေရေး စနစ်တကျပူးပေါင်း  ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများထွက်ရှိရန် လိုသကဲ့သို့ ထွက်ရှိလာသည့် စပါးကို ကြိတ်ခွဲရာတွင်လည်း သန့်ရှင်းပြီး အဆင့်အတန်းမီသည့် ဆန်များရရှိရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဈေးနှုန်းဈေးကွက် (Price Market)နှင့် အရည်အသွေး ဈေးကွက် (Quality Market) ဟူ၍ ဈေးကွက်နှစ်မျိုးရှိရာတွင် မြန်မာနိုင်ငံအနေဖြင့် ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းတွင် ခေတ်မမီသည့် အတွက်ကြောင့် ရှေးယခင်ကတည်းကပင် ဈေးကောင်းမရရှိသည့် တန်းနိမ့်ဆန်များကို ဦးစားပေး တင်ပို့ခဲ့ရသည့် အခြေအနေမှ ယနေ့ကာလတွင် အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်များကို တိုးမြှင့် တင်ပို့လာနိုင်သည့် အခြေအနေကို စတင်ပြောင်းလဲ ရောက်ရှိလာသည်ကို တွေ့ရှိရပါကြောင်း။

ယနေ့ ဆန်စပါးလုပ်ငန်းတွင် ဆန်အရည်အသွေးနှင့် ပတ်သက်၍ ကြုံတွေ့နေရသော ပြဿနာများ ဖြစ်သည့် ဆန်နီစပါးများခြင်း၊ မျိုးရောနှောခြင်း၊ မျိုးကွဲများပြားခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူများအတွက် ဆွဲဆောင်မှုအားနည်းခြင်း၊ ဆန်အရောင်အသွေး မလှပခြင်း၊ ဆန်အရည်အသွေး အားနည်းခြင်းများသည် ဈေးကွက်ကို များစွာထိခိုက်စေပါကြောင်း၊ ထို့ကြောင့် အဆိုပါ စိန်ခေါ်မှုများကို စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းက ပြုပြင်ပြောင်းလဲရမည့် ဆောင်ရွက်မှုများ လိုအပ်သလို ကြိတ်ခွဲထုတ်လုပ်မှု အပိုင်းကလည်း ပြောင်းလဲ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပေါင်းစပ် လုပ်ဆောင်ကြမယ် ဆိုပါက မြန်မာ့ဆန် ဈေးကွက် ဝင်ရောက်မှုသည် သိသာစွာ တိုးတက်ဖြစ်ပေါ် လာမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စု အစိုးရ၏ ဦးဆောင်မှုဖြင့် စီမံဆောင်ရွက်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ  လိုအပ်သကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အနေဖြင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး အထူးအလေးပေး ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီကာလက ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပကို ဆန်တန် ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ခြင်းမှ တဖြည်းဖြည်း ပြည်ပတင်ပို့နိုင်မှု ကျဆင်းခဲ့ပြီး ၂၀၀၁ - ၂၀၀၂ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ပတင်ပို့နိုင်မှု ပြန်လည် တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ၆သန်းကို နိုင်ငံ ၆၄ နိုင်ငံထိ ပြန်လည် တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။

လက်ရှိ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း ဆန်တန်ချိန်  ၅  သိန်း ကျော်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်း၊ စုစုပေါင်းတန်ချိန် ၈ ဒသမ ၆ သိန်းကျော် ကိုနိုင်ငံ ၃၈ နိုင်ငံကိုတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ဆန် ၊ ဆန်ကွဲ တန်ချိန် ၂ သိန်းကျော် ပိုမို တင်ပို့နိုင်သည်ကို တွေ့ရပါကြောင်း၊

ဆန်အရည်အသွေး ကောင်းမွန်ရေးသည် ပြည်ပဆန် တင်ပို့မှုတွင် အ‌ရေးပါပြီး အချို့ပြည်ပ နိုင်ငံများကို  ပေါင်းဆန်တင်ပို့ရာတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိသည်ကို တွေ့ရပါကြောင်း၊ ဘဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှု တန်ချိန် ၈ ဒသမ ၆ သိန်းအနက်ပေါင်းဆန် ၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၄၂ ရာခိုင်နှုန်း၊ ပုံမှန်ဆန်တင်ပို့မှု ၅၃ ရာခိုင်နှုန်း ဖြစ်နေသည့်အတွက် အခုကဲ့သို့ ပြည်ပပို့ ကုန်အလားအလာ ကောင်းမွန်နေသည့် အခြေအနေတွင်ပြည်တွင်းဆန် ထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေး မြင့်မားရေးကို ယခုညီလာခံတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေ လိုပါကြောင်း။

မြန်မာ့ဆန်ကို လွန်ခဲ့သည့် ကာလများက အာဖရိကနှင့် ဥရောပနိုင်ငံများကို အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ရာမှ ယခုအခါ အာရှဈေးကွက်ကို ပိုမိုတင်ပို့လာသည်အထိ စျေးကွက်ကျယ်ပြန့် ပြောင်းလဲလာမှုကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဈေးကွက်အသစ်များကို ရှာဖွေတင်ပို့ရန် လိုအပ်သကဲ့သို့ မူလရရှိပြီးသား ဈေးကွက်များ ကိုလည်း ရေရှည်ဆက်လက် တင်ပို့နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်  မြန်မာ့ဆန်ကို ဝယ်ယူနေသည့်နိုင်ငံများထဲတွင် ယခင် ၃/၄  နှစ် ကဝယ်ယူမှုရှိပြီး လက်ရှိ ပျောက်ကွယ်နေသည့် အာဖရိကနှင့် တောင်အာရှစျေးကွက်များကိုလည်း ဆန်ပြန်လည် တင်ပို့ရောင်းချနိုင်ရေးနှင့် ဈေးကွက် ပြန်လည်ရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ဌာနဆိုင်ရာများ ဘက်ကပါ ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။

ဆန်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တတိယအကြိမ်အဖြစ် ဆန်တန်ချိန် ၂ သိန်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တန်းမြင့်ဆန် တစ်ချို့ကိုလည်း အာဖရိကနိုင်ငံသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုပါ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ကြောင့် နိုင်ငံတကာ ဈေးကွက် အ‌ခြေအနေများကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျ တိုးချဲ့ တင်ပို့နိုင်ရေးကို အလေးထားပြီး စီစဉ် လုပ်ဆောင်သင့်သည်ကို တိုက်တွန်းလိုပါကြောင်း၊ အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်ပြီး တင်ပို့ရောင်းချမှုမှ ဝင်ငွေတိုးတက်ရရှိမည် ဖြစ်သည့်အတွက် ကြိုးပမ်း လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း။

ဆန်စပါးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့် ထွက်ကုန်များ ထုတ်လုပ်နိုင်အောင် စနစ်တကျ စီမံလုပ်ဆောင်သင့်ပ ါကြောင်း၊ ဆန်စပါးလုပ်ငန်းကို ပို့ကုန်မြှင့်တင်ရေး အတွက်သာမက သွင်းကုန်အစားထိုးရေးအတွက်ပါ မဟာဗျူဟာမြောက် စဉ်းစားဖော်ဆောင်နိုင်ပါကြောင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် တိရစ္ဆာန်အစာအဖြစ်သာ အသုံးဝင်သည့်ဖွဲနုကို သွင်းကုန်အစားထိုး ကျန်းမာရေး အထောက်အကူပြုနိုင်သည့် တန်ဖိုးမြင့် ဖွဲနုဆီထုတ်ယူပြီး ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါက ပြည်ပမှ ဆီတင်သွင်းမှု လျှော့ချနိုင်မည် ဖြစ်သဖြင့် ဖွဲနုဆီစက်များ တည်ဆောက် လည်ပတ်နိုင်ရေး အတွက် ပုဂ္ဂလိက၊ အစိုးရ၊ အသင်းအဖွဲ့ စသည့် ကဏ္ဍအသီးသီးမှ ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေး ဖော်ထုတ်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။

နှစ်စဉ် ဆန်စပါးထုတ်လုပ်မှုမှ ၈၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းရှိ လုပ်သားပြည်သူများ၊ တောင်သူလယ်သမားများအပါအဝင် လူထုတစ်ရပ်လုံး၏ စားသုံးမှု၊ အခြားမုန့်ပဲသရေစာများ ထုတ်လုပ်မှုတွင် အသုံးချလျက်ရှိပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပတင်ပို့မှု ဆောင်ရွက်နေခြင်းကြောင့် ပြည်တွင်းစားသုံးမှု၊ ဆန်စပါးဈေးကွက် တည်ငြိမ်ရေးကိုလည်း အစိုးရ - ပုဂ္ဂလိက တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့်လည်း သွင်းအားစု ကုန်ကျစရိတ်များနှင့် လျော်ညီသည့် စပါးဈေးနှုန်းများ ရရှိရန် လိုအပ်မည်ဖြစ်သကဲ့သို့ စားသုံးသူ လုပ်သားပြည်သူများ အတွက်လည်း သင့်တင့်သည့် ဆန်ဈေးနှုန်းများနှင့် ဝယ်ယူစားသုံးနိုင်ရေး၊ နိုင်ငံခြားပို့ကုန်ကိုလည်း စဉ်ဆက်မပြတ် တင်ပို့နိုင်ရေး သုံးဘက်ညီလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ရိတ်သိမ်းချိန် မတိုင်မီ စိုက်ပျိုးထုတ်လုပ်မှု (Pre-Harvest) ကဏ္ဍတွင် တောင်သူလယ်သမားများ အတွက် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို မျိုးအရေအတွက် နည်းနည်း ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးစေရေး၊ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် စပါးမျိုးများကို စနစ်တကျရွေးချယ်ပြီး၊ စိုက်ပျိုးရာတွင်လည်း ဒေသအလိုက် ဇုန်များသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများအကြား အကျိုးတူလယ်ယာစနစ် (Contract Farming)ဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်ပြီး ဝင်ငွေတို းတက်ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ဆန်စပါး အထူးပြု ကုမ္ပဏီကြီးများ ထူထောင်ပြီး တန်ဖိုး ကွင်းဆက် (Value Chain)တစ်လျှောက် စနစ်တကျထိရောက်စွာ စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးကြရန် မှာကြားလိုပါကြောင်း။

ရိတ်သိမ်းချိန်လွန် (Post-Harvest) ကဏ္ဍတွင်လည်း စပါးအရည်အသွေး ထိန်းသိမ်းနိုင်ရေးအတွက် စပါးအခြောက်ခံစက်များ တိုးမြှင့်ထုတ်လုပ် အသုံးပြုနိုင်ရေး၊ ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရှိသည့် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆန်စက်များ တိုးတက်များပြား လာစေရေး၊ အရည်အသွေးကောင်း ဆန်များကို အရေအတွက် ပိုမိုထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက်ကို တိုးတက်တင်ပို့နိုင်‌ရေး၊ ဆန်စပါးကဏ္ဍတွင် ဒီဂျစ်တယ် နည်းပညာများ ထိရောက်စွာ အသုံးပြုနိုင်ရေး တို့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့ တက်ရောက်လာသည့် ဆန်စပါးနယ်ပယ်မှ အတွေ့အကြုံရှိသည့် ဘာသာရပ်ဆိုင်ရာ ဆန်စပါးပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ နယ်ပယ်အသီးသီးမှ ပါဝင် တက်ရောက်သူများ၊ ဆန်စပါးကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအပြင် ပြည်ပမှ လာရောက်သည့် ဆန်စပါး ပညာရှင်လည်း ပါဝင် တက်ရောက်ကြောင်း သိရှိရသည့်အတွက် အရည်အသွေး ကောင်းမွန်သည့် ဆန်စပါး ထုတ်လုပ်နိုင်ရေး၊ အရေအတွက် ပမာဏ ပိုမို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပနိုင်ငံများကို ပိုမို တင်ပို့ ရောင်းချနိုင်ရေးတို့ အတွက် ထိထိရောက်ရောက် ဆွေးနွေး ဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ရေတို၊ ရေရှည်စီမံကိန်း၊ စီမံချက်များဖြင့် ဆောင်ရွက်သွားရမည့် သုံးသပ် အကြံပြုချက်များကိုလည်း ဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တစ်ချိန်က ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် မှတ်တမ်းတင်ခံခဲ့ရသော နိုင်ငံဖြစ်သည့်အတွက် ယခင်အခြေအနေကို ပြန်လည် ရောက်ရှိအောင် စိုက်ပျိုးသူလယ်သမားကြီးများ၊ သိုလှောင်ကြိတ်ခွဲသူများ၊ ကုန်သည်ကြီးများ၊ ပြည်ပတင်ပို့သည့်ကုမ္ပဏီများ၊ တစ်ဆင့်ခံရောင်းဝယ်သူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးနယ်ပယ်မှ အသင်းအဖွဲ့များက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ‌တော်အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်‌ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုးတို့က  မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “နိုင်ငံ့စီးပွား မြှင့်တင်ဖို့၊ ဆန်စပါးဖြင့် ကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးသည်။

တင်ပြဆွေးနွေးမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းပညာများ လိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍမှလည်း ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးမြေများကို စက်ကိရိယာများ အသုံးပြု စိုက်ပျိုးနိုင်ရေး အတွက် စနစ်တကျပြုပြင် ဆောင်ရွက်ရန်လိုအပ်မှု၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများ အနေဖြင့်လည်း မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ဇီဝမြေဩများကဲ့သို့သော သဘာဝ မြေဩဇာများကို အသုံးပြုဆောင်ရွက်ရန် လိုအပ်မှု၊ စိုက်ပျိုးရေနှင့် အောင်ရေများ လုံလောက်စွာရရှိရေးအတွက် မြစ်ရေတင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မှု၊ ဆန်စပါးများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်ရေး ဈေးကွက် ရှာဖွေခြင်းနှင့် ဈေးကွက် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မှု၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးပံ့ပိုး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝံ့ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် မြန်မာနိုင်ငံ ဆန်စပါးအထူးပြု ပြခန်းများအတွင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်၊ စပါးများနှင့် မြေဩဇာများ ပြသထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ မြန်မာ့ဆန်စပါး ညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) ကို အောက်တိုဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ညီလာခံအတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးဝယ်ယူ၊ သိုလှောင် ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါး ကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေး ကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်