(၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်)
လူကုန်ကူးမှုသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သော ခေတ်သစ်ကျေးကျွန်စနစ်အသွင် ပြဿနာတစ်ခုဖြစ်ပါသည်။ လူကုန်ကူးမှုပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံစားနေရပြီး အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော နိုင်ငံများသည် လူကုန်ကူးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမိုခံစားနေကြရပါသည်။ မျက်မှောက်ခေတ်တွင် လူကုန်ကူးမှုပြဿနာသည် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ် လာသဖြင့် ကမ္ဘာ့နိုင်ငံများက နည်းလမ်းမျိုးစုံဖြင့် ထိရောက်စွာ ကြိုးပမ်းအားထုတ် တားဆီးကာကွယ်ကြသော်လည်း ဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ်ပြုဖော်ပြလျက် ရှိပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ပြီး မဟာဗျူဟာ (၃)ရပ်၊ နည်းဗျူဟာ (၄)ရပ် ချမှတ်ကာ ကာကွယ်တားဆီးခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂ(UN)မှ ပြဋ္ဌာန်းထားသည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNTOC)နှင့် ယင်း၏နောက်ဆက်တွဲစာချုပ် သုံးခုအနက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention against Transnational Organized Crime) ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှုနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ် (Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children)၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ် (Protocol against the Smuggling of Migrants by Land, Sea and Air) တို့အား ၂၀၀၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါသည်။
ထို့ပြင် မဲခေါင်ဒေသတွင်း ၆ နိုင်ငံ လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်းသာမက ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နှစ်နိုင်ငံအကြား လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဘာလီလုပ်ငန်းစဉ်(Bali Process)၊ ၁၉၉၇ ခုနှစ်၌ ဖွဲ့စည်းခဲ့သည့် Bay of Bengal Initiative on Multi-Sectoral Technical and Economic Cooperation (BIMSTEC)တို့တွင်လည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သိရီလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါနိုင်ငံတို့နှင့် ပူးပေါင်း၍ ၂၀၀၄ ခုနှစ်မှစတင်ပြီး လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် အာဆီယံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အာဆီယံအထူးအဖွဲ့ ခေါင်းဆောင်များအဖွဲ့တို့ကို ဖွဲ့စည်းကာ ဒေသတွင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အာဆီယံကဏ္ဍအလိုက် ဆက်စပ်အဖွဲ့အစည်းများ (ASEAN Sectoral Bodies / Organs - SBOs) ဖြင့် ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဘိုဟိုးလုပ်ငန်းစီမံချက် (၂၀၁၇ - ၂၀၂၀) (BWP 2017 - 2020)ကို ရေးဆွဲအကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာနေပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမိုအန္တရာယ်ကြီးမားလာခဲ့ပါသည်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (United Nations Office on Drugs and Crime – UNODC) ၏ ၂၀၂၁ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာအရ ကိုဗစ် - ၁၉ ကပ်ရောဂါ အကျပ်အတည်းသည် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း လူကုန်ကူးမှု၏သဘောသဘာဝနှင့် ပြစ်မှုကျူးလွန်ခံရသည့် နစ်နာသူ အရေအတွက်အပေါ် လွှမ်းမိုးခဲ့သည်မှာ မငြင်းသာကြောင်း၊ လူကုန်ကူးသူများသည် ကိုဗစ် - ၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုအပေါ် အခွင့်အရေးယူ၍ စီးပွားရေးလျော့ရဲမှုနှင့် ကလေးများနှင့် အရွယ်ရောက်ပြီးသူများ၏ အွန်လိုင်းတိုးမြှင့်သုံးစွဲသည့် အချိန်ပမာဏကို အခွင့်အရေးယူ၍ ကျူးလွန်လာကြကြောင်းတွေ့ရှိရသဖြင့် မိမိတို့၏ တားဆီးနှိမ်နင်းရေးစွမ်းရည်နှင့် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်ရန် အရေးကြီးကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာအရ လွန်ခဲ့သော ကိုးလအတွင်း ဖြစ်ပွားသည့် အကျပ်အတည်းများကြောင့် လိင်ပိုင်းဆိုင်ရာနှင့် အဓမ္မခိုင်းစေခြင်းခံရသည့် နစ်နာသူများ ပိုမိုများပြားလာကြောင်း၊ ပြောင်းလဲတိုးတက်လာသော နည်းပညာများသာမက ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း အင်တာနက်အသုံးပြုမှု ပိုမိုများပြားလာသောကြောင့် လူကုန်ကူးသူများသည် အင်တာနက်နည်းပညာများ အသုံးပြု၍ လူစုဆောင်းမှုများ ပြုလုပ်လာကြကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ (World Day Against Trafficking in Persons 2020) တွင် လူကုန်ကူးမှုအားတားဆီးရန်အတွက် နည်းပညာကိုအသုံးပြုရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများသည် ပြည်တွင်းရေးအခြေအနေများနှင့် ပြည်ပဆွဲဆောင်မှုများကြောင့် ရွှေ့ပြောင်းသွားလာ၍ အလုပ်အကိုင်အသစ် များရှာဖွေခြင်းတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် အခြားနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက် (Demand Vacuum)နှင့် ဆက်နွှယ်နေကြောင်းတွေ့ရှိရပြီး တစ်နည်းအားဖြင့် ပြည်တွင်းလူကုန်ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းသည် ပြည်ပသို့ လူကုန်ကူးမှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။ လူကုန်ကူးခံရသူ ၅ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ မိမိတို့နိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန်အတွက် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်း များတွင် အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ Social Media ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင်ရောင်းစားခြင်း စသည့်လူကုန်ကူးမှုပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ အဓမ္မစေခိုင်းမှု မှုခင်းများသည် ၆၁ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အဓမ္မပြည့် တန်ဆာအဖြစ်စေခိုင်းမှု ၂၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိကာ အဓမ္မလက်ထပ်မှု ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် အဓမ္မမွေးစားမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။
လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးခြင်း၊ ရုပ်မြင်သံကြားတွင် အသိပညာပေးဇာတ်လမ်းနှင့် တေးသီချင်းများ ထုတ်လွှင့်ပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး (Billboard)များ စိုက်ထူခြင်း၊ မိုဘိုင်းဖုန်း အော်ပရေတာများမှတစ်ဆင့် SMS များ ပေးပို့ခြင်း၊ ကျောင်းသားလူငယ်များအတွက် အခြေခံပညာကျောင်းသင်ခန်းစာများတွင် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်အား ထည့်သွင်းပို့ချပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လူကုန်ကူးမှုနှင့် လူကုန်ကူးခံရသူများအား အချိန်မီကယ်တင်နိုင်ရေးအတွက် ၂၄ နာရီ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်မြို့များတွင် တပ်ဆင်ကာအချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ရွှေ့ပြောင်းသွားလာမည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအား သတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများအား ဖွင့်လှစ်၍ အသိပညာများ မျှဝေလျက်ရှိပါသည်။
ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်” ကို ထုတ်ဝေ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများသို့ မိတ်ဆက်ရှင်းလင်းခြင်း၊ လူကုန်ကူးခံရသူများ၏ လိုအပ်ချက်နှင့် အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လက်တွေ့လုပ်ငန်းဆောင်ရွက်နေသူများအကြား ပိုမို ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ တရားရုံး စစ်ဆေးနေစဉ်ကာလအတွင်း ခရီးစရိတ်၊ ဆေးကုသစရိတ်နှင့် ကျွေးမွေးစရိတ်ထောက်ပံ့ ပေးခြင်း၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းပြီးသည့် လူကုန်ကူးခံရ သူများ ပြန်လည်ထူထောင်ရေးအတွက် ၎င်းတို့၏လိုအပ်ချက်များအရ ဘဝရပ်တည်နိုင်ရေး ထောက်ပံ့ပေးခြင်း၊ လူကုန်ကူးခံရသူများအား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ရေး ဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများအား မြဝတီ၊ မူဆယ်၊ ကော့သောင်း၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များရှိ ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာများတွင် ယာယီလက်ခံစောင့်ရှောက်ထားစဉ် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းထောက်ပံ့ ပေးခြင်း၊ လူကုန်ကူးခံရသူများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ဂေဟာများတွင် ကာကွယ်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သော အသုံးအဆောင်များတပ်ဆင်ခြင်း၊ ရောဂါပိုးကူးစက် ခံရမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် လူကုန်ကူးမှုများအား ကာကွယ်တားဆီးရန်အတွက် ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့်အညီဖြစ်စေရန် ပြင်ဆင်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေအဖြစ် ၁၆-၆-၂ဝ၂၂ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေအသစ်တွင် အွန်လိုင်းနှင့်နည်းပညာများအား အသုံးပြုပြီး လူကုန်ကူးမှု ကျူးလွန်သူများအတွက် ပြစ်ဒဏ်များအား ထပ်မံထည့်သွင်းပြဋ္ဌာန်းခဲ့သဖြင့် အွန်လိုင်း၊ အီလက်ထရောနစ်အသုံးပြု၍ လူကုန်ကူးမှုကျူးလွန်ခြင်းများကိုပါ ဖော်ထုတ်ဟန့်တားနိုင်မည် ဖြစ်သည့်အပြင် ဥပဒေအသစ်၏ အခန်း(၆)၌ လူကုန်ကူးခံရသူနှင့် သက်သေများ အကာအကွယ်ပေးခြင်းနှင့် အကူအညီပေးခြင်းအား ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေအဟောင်း၌ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးခြင်း (Victim Protection) သာပါရှိ၍ ဥပဒေအသစ်တွင် သက်သေများကို အကာအကွယ်ပေးခြင်း (Witness Protection) ပါဝင်လာကြောင်း တွေ့ရှိရသဖြင့် မိမိတို့အနေဖြင့် လူကုန်ကူးခံရသူများကိုသာမက သက်သေများကိုပါ အကာအကွယ်ပေးသည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများက အမြတ်ထုတ်အသုံးချနေမှုများကလည်း တားဆီးနှိမ်နင်းရေးကဏ္ဍများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေါ်လျက်ရှိပါသည်။ UNODC ကလည်း နည်းပညာအသုံးပြု၍ လူကုန်ကူးမှုများအား တားဆီးကာကွယ်ရန် တိုက်တွန်းထားရှိသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးသည် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာမြင့်မားမှု၊ မူဝါဒနှင့် မဟာ ဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မူတည်နေသောကြောင့် အောက်ပါတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအမံများမှတစ်ဆင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါသည်။
( ခ ) ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ် ကျရောက်နေစဉ်နှင့် ကပ်ရောဂါအလွန်ကာလများအတွင်း လူကုန်ကူးမှုများ တိုက်ဖျက်နိုင်ရန်အတွက် လူကုန်ကူးမှုမှုခင်းများဆိုင်ရာ သုတေသနလုပ်ငန်းများ၊ လေ့လာစမ်းသပ်မှုများ ဆောင်ရွက်၍ ရရှိသော သုတေသနတွေ့ရှိချက်များကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။
( ဂ ) လူကုန်ကူးခံရသူများ၏ တွေ့ကြုံခံစားရမှုများအပေါ် အခြေခံသည့် တုံ့ပြန်မှုနည်းလမ်းများ၊ စုံစမ်းဖော်ထုတ် အရေးယူခြင်းများကို နည်းပညာအသုံးပြု၍ ရှာဖွေ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
(ဃ) အိမ်နီးချင်းနိုင်ငံများမှ တားဆီးနှိမ်နင်းရေးအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများ ပူးပေါင်းစုံစမ်းဖော်ထုတ်မှု မြှင့်တင်ရန်နှင့် Online နည်းပညာ အသုံးချဆောင်ရွက်နိုင်မှုအား တိုးမြှင့်ဖော်ဆောင်ရန် လိုအပ်ပါသည်။
ယခု ၂ဝ၂၂ ခုနှစ် ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့” ဆိုသည့်အတိုင်း လူကုန်ကူးမှုတားဆီးတိုက်ဖျက်ခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နည်းပညာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းပါဝင်၍ နည်းပညာအသုံးပြု သတင်းဖလှယ်ရေးလုပ်ငန်းများ၊ စုံစမ်းထောက်လှမ်း အရေးယူမှုများအား ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုဖြင့် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်ပါက မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများ လျော့နည်းကျဆင်း၍ ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။ ။