Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ နိုင်ငံတကာသတင်းမီဒီယာကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်း

ရန်ကုန် စက်တင်ဘာ ၄

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တတိယသက်တမ်းကာလအတွင်း နိုင်ငံတကာသတင်း မီဒီယာကောင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကောင်စီဝင်များ သတင်းဌာနများမှ အယ်ဒီတာများ၊ သတင်းထောက်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့၏ တတိယအကြိမ် သက်တမ်းကာလမှာ ယခုအခါ ကိုးလခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါကာလမှာ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းသမားများ အရည်အသွေး မြှင့်တင်နိုင်ရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အနယ်နယ်အရပ်ရပ်ရှိ သတင်းမီဒီယာသမားများနှင့် ထိတွေ့ဟောပြောဆွေးနွေးခြင်း၊ ကျောင်းသားလူငယ်များ သတင်းအတုသတင်းအမှားများကို အမှန်အတိုင်း သိရှိနိုင်စေရေးတို့အတွက် တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများသို့လည်း သွားရောက် ဆွေးနွေးပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ကာလတွင် နိုင်ငံအတွင်း ကြားသိမြင်တွေ့နေရသည့် စိတ်မချမ်းမသာဖွယ်ရာဖြစ်ရပ် အချို့မှာ သတင်းအတုသတင်းအမှားများအပေါ် အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ကို အားလုံးသုံးသပ်သိရှိနိုင်ပါကြောင်း၊ ထို့ကြောင့် သတင်းအတုသတင်းအမှားများ ချေဖျက်ရေး၊ သတင်းအမှန်များကိုသာ ပြည်သူလူထုထံသို့ ရောက်ရှိစေရေး၊ သတင်းမီဒီယာသမားများ၊ သတင်းဌာနများက ဆောင်ရွက်ရန်လိုပါကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ရေးကို နိုင်ငံတကာအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီသည် အာဆီယံဒေသအတွင်း နိုင်ငံများရှိ သတင်းမီဒီယာကောင်စီများ၊ အခြားကမ္ဘာ့ သတင်းမီဒီယာကောင်စီများနှင့်လည်း မကြာခဏ ဆွေးနွေးခြင်းနှင့် သတင်းဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် သတင်းမီဒီယာသမားတိုင်းသည်မိမိတို့ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ ၂၀၂၂ ခုနှစ် မေ ၂ ရက်မှ ၈ ရက်အထိ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ နိုင်ငံပေါင်း ၂၃ နိုင်ငံ (ကင်ညာ၊ နီပေါ၊ ဆိုက်ပရပ်စ်၊ ဇင်ဘာဘွေ၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီရတ် (အရှေ့အလယ်ပိုင်း)၊ ကိုဆိုဗို၊ မာစီဒိုနီယန်၊ မြန်မာ၊ မာလာဝီ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်၊ တန်ဇန်နီးယား၊ တူကီယဲ၊ ယူဂန်ဒါ၊ ဇမ်ဘီယာ၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ ဆေးရှဲလ်၊ ဘူတန်) တို့ တက်ရောက်ခဲ့သော ကမ္ဘာ့သတင်းမီဒီယာကောင်စီ (World Association of Press Councils) အစည်းအဝေး၊ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားများနှင့် ပတ်သက်သည့် အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးခဲ့ပုံများကို ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်ကလည်းကောင်း၊ ဩဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တီမောလက်စ်နိုင်ငံ၌ နိုင်ငံ ၅ နိုင်ငံ (တီမောလက်စ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ) နှင့် ယူနီဆက်ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သော Dili Dialogue Forum တွင် ရှင်းလင်းတင်ပြခဲ့ပုံများ၊ တက်ရောက်လာသည့် နိုင်ငံများ၏ စိတ်ဝင်တစား မေးမြန်းမှတ်ချက်ပြုကြပုံများကို နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးအေးချမ်းကလည်းကောင်း ရှင်းလင်း‌ပြောကြားကြပြီး တက်ရောက်လာကြသည့် စာနယ်ဇင်းများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းဖြန့်ချိမှုတွေမှာ လွဲချော်နေတာတွေရှိတယ်။ ဒီသတင်းတွေ ဟုတ်သလား၊ မဟုတ်သလားစသဖြင့် မေးကြတဲ့အခါမှာလည်း ဒီဆွေးနွေးပွဲတွေမှာ အတတ်နိုင်ဆုံးအမှန်ကို ရှင်းပြပေးနိုင်ခဲ့တဲ့အတွက် အတိုင်းအတာတစ်ခုအထိ မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာ့နိုင်ငံများထံ သတင်းအမှန်ကို သိအောင်ချပြပေးနိုင်ခဲ့ပါတယ်။ အချို့သော နိုင်ငံများဟာ မိမိတို့နိုင်ငံသည်သာ ပထမ (Our Country First) ဆိုတဲ့ မူဝါဒကို ကိုင်စွဲကျင့်သုံးကြပါတယ်။ ကိုယ့်နိုင်ငံကိုယ်ဦးစားပေး ရှေ့တန်းတင်တာ ပြဿနာမရှိပေမယ့် Other Country Last ဆိုတဲ့ မူဝါဒနဲ့ သူတစ်ပါးနိုင်ငံကို နောက်ဆုံးရောက်အောင် သတင်းတုသတင်းမှားများနဲ့ ဖန်တီးပုံဖော်လာရင်တော့ ကျွန်တော်တို့က လက်ခံလို့မရပါဘူး။ ထိုက်သင့်သလို တုံ့ပြန်ပြီးကျေပျက်အောင် ချေဖျက်ရမှာဖြစ်ပါတယ်။”

“သတင်းမီဒီယာကောင်စီရဲ့ လုပ်ပိုင်ခွင့်ဟာ သတင်းမီဒီယာဥပဒေမှာရှိပြီးသား ဖြစ်ပါတယ်။ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေလည်း ပြဋ္ဌာန်းထားတယ်။ ကျင့်ဝတ်နဲ့အညီ ညီညွတ်စွာဆောင်ရွက်တဲ့ သတင်းသမားတွေရဲ့ ကိစ္စတွေကိုလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးတာရှိပါတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး) က နိုင်ငံတကာသတင်းမီဒီယာ ကောင်စီတွင် ဆွေးနွေးမေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်ပြောကြားရာတွင် တက်ရောက်လာသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံသတင်း မီဒီယာလောကတွင် အလွန်တရာလေးစားထိုက်သည့် သတင်းမီဒီယာသမားကြီးများ များစွာပေါ်ထွန်းခဲ့ပါကြောင်း၊ ထိုသို့ အများလေးစားကြရန်မှာ သတင်းမီဒီယာသမားတိုင်းသည် သမာသမတ်ကျစွာ ရပ်တည်ခြင်း၊ စတုတ္ထမဏ္ဍိုင်ပီသစွာဖြင့် အမျိုးသားရေးစိတ်ဓာတ် နိုင်ငံချစ်စိတ်ဓာတ်မြင့်မားခြင်းတို့အပေါ် မူတည်ပါကြောင်း၊ ထို့ပြင် မိမိနိုင်ငံအဝန်းအဝိုင်း တစ်ခုအတွင်းသာမကြည့်ဘဲ နိုင်ငံတကာ ဖြစ်စဉ်များကိုပါ သုံးသပ်နိုင်ဖို့လိုပါကြောင်း၊ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောနိုင်ငံများနှင့် ပတ်သက်၍လည်း သတင်းများရေးသားကြရာတွင် အထူးဂရုပြုဖို့လိုပါကြောင်း၊ နိုင်ငံရေးဆိုင်ရာ အချို့သောကိစ္စရပ်များသည် အလွန်တရာနူးညံ့သော အကဲဆတ်သောကိစ္စရပ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာသမားတိုင်းသည် နိုင်ငံရေးအမြင် မြင့်မားစွာထားရှိဖို့လိုပါကြောင်းနှင့်မြန်မာနိုင်ငံ သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ သတင်းရေးသား၊ ရယူ၊ ထုတ်ပြန်ဆောင်ရွက်သည့် သတင်းမီဒီယာသမားများ၊ သတင်းဌာနများအား လိုအပ်သည့် အကူအညီများကို စွမ်းဆောင်ပေးနိုင်သမျှပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်။

သတင်းစဉ်