Skip to main content

ပြည်တွင်းကူးစက်မှုမြင့်တက်လာသည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေး

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာရာ ပြည်တွင်းကူးစက်မှုများက အဓိကဖြစ်နေသည်။ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် ယခင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများထက် များစွာပိုမိုလျင်မြန်ကူးစက် နိုင်သည့်အခြေအနေတွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျင့်သုံးမှုလွန်စွာလျော့နည်းသွားခြင်းက ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာစေသည့် အကြောင်းရင်းဖြစ်ဖွယ်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် လူစုလူဝေး၊ လူအများရှိနေသည့်နေရာ၊ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေရသည့်နေရာများတွင် ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရန်၊ ဖျားနာ၊ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ စသည့် ရောဂါသံသယလက္ခဏာများ ဖြစ်ပေါ်ပါက ပါးစပ်နှာခေါင်းစည်းတပ်ထားရန်နှင့် နီးစပ်ရာကျန်းမာရေးဌာနသို့သတင်းပို့ရန်၊ ရုံးဌာနလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရန်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားရာ အလေးအနက်ထား၍ လိုက်နာကျင့်သုံးခြင်းအားဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း ပြန်လည်ကျဆင်းသွားနိုင်မည် ဖြစ်သည်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်သည် ကူးစက်မှုလွန်စွာလျင်မြန်ပြီး လက်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျော်လွန်နိုင်‌သော်လည်း ရောဂါပြင်းထန်မှုလျော့နည်းခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများတွင် ကူးစက်မှု၊ ရောဂါဝေဒနာပြင်းထန်မှု၊ သေဆုံးမှုလျှော့ချပေးနိုင်ခြင်းစသောအချက်များကြောင့် ယခင်လှိုင်းများနှင့် နှိုင်းယှဉ်ပါက ရိုက်ခတ်မှုသက်သာဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ပြည်တွင်းကူးစက်မှုမြင့်တက်လျက်ရှိနေခြင်းက ကောင်းသည့်လက္ခဏာမဟုတ်သည့် အလျောက် ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်လျော့နည်းကျဆင်းသွားစေရေးအတွက် လူတိုင်းက ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာအနှံ့အပြားတွင်ရော အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်း၌ပါ ကူးစက်ပျံ့နှံ့မှုများရှိနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင် ဖြစ်ပွားမှုများ များပြားလျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရှိနိုင်သည်။ ယခုအခါ မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မှုအနေဖြင့် အသက် ၅ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေး များအထိ ထိုးနှံပေးလျက်ရှိသကဲ့သို့ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင်လည်း ထိုးနှံပြီးစီးမှုကာလခြောက်လရှိနေပါက ထပ်ဆောင်းထိုးနှံမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ တိကျစွာလိုက်နာခြင်း၊ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ မပျက်မကွက်ထိုးနှံခြင်းတို့ဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်ပျံ့နှံ့မှု လျော့ကျရေးဆောင်ရွက်နိုင်ကြပါစေကြောင်း။     ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်