နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် တစ်ဖက်သတ်ထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ရာ တွေ့ဆုံစဉ်က ဆွေးနွေးမှုအပြည့်အစုံကို လေ့လာခြင်းဖြင့် အမှန်ကိုသိရှိနိုင်မည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်တရားများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ သဘောထားများကို ရှင်းရှင်းလင်းလင်းသိရှိနိုင်မည်ဖြစ်သည်။ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ရေရှည်လက်တွဲဆောင်ရွက်နိုင်ရန်အတွက် သတင်းများနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် တွေ့ဆုံဆွေးနွေးမှုအပြီး အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်သည် ပြည်ပနှင့်ပြည်တွင်းရှိ တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့များမှပေးပို့သော သတင်းမှားများအပေါ်တွင် အခြေခံထားသည်ကိုတွေ့ရသည်။
ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် ၎င်းတို့မှ အများပြည်သူသို့ ထုတ်ပြန်ချက်များ ထုတ်ပြန်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ တုံ့ပြန်ပြောကြားချက်များကို မျှတစွာထည့်သွင်းဖော်ပြရန် ကျင့်ဝတ်အရလိုအပ်သော်လည်း အထူးကိုယ်စားလှယ်၏ သြဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်သည် ကျင့်ဝတ်ကိုလိုက်နာခြင်းမရှိဘဲ ဘက်လိုက်မှုများရှိ နေသည်ကိုတွေ့ရသည်။ ယင်းထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်လွဲမှားစေနိုင်သည့်အပြင် အများပြည်သူတို့အနေဖြင့်လည်း နားလည်မှုလွဲမှားစေနိုင်ပါသည်။ ကုလသမဂ္ဂအနေဖြင့် ပြဿနာဖြေရှင်းရေးကို ပူးပေါင်းဆောင်ရွက်လိုသည် ဆိုသော်လည်း မြန်မာနိုင်ငံဘက်မှ ရှင်းပြခဲ့သည့် ပကတိဖြစ်ရပ်မှန်အချက်အလက် အထောက်အထားများကို ထင်ဟပ်ဖော်ပြခြင်းမပြုဘဲ ယင်းတို့၏ တစ်ဖက်သတ်ပြောကြားချက်များဖြစ်နေ၍ နှစ်ဦးနှစ်ဖက် အပြုသဘောပူးပေါင်းဆွေးနွေးမှုအပေါ် အနှောင့်အယှက် အဟန့်အတားဖြစ်စေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူလူထုလူ တန်းစားအဖွဲ့အစည်း များအားလုံး ပါဝင်ရေးဆွဲပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ဖြစ်တည်လာသောအစိုးရဖြစ်ပြီး ဖြစ်ပေါ်ခဲ့သော အခြေအနေများအားလုံးနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာနှင့် ပြည်သူများ လိုလားလက်ခံသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဦးတည်ဆောင်ရွက်နေသည်။
နိုင်ငံတကာဆက်ဆံရေးတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ (၅)ရပ်ကျင့်သုံးလျက်ရှိပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြု၊ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာကိုအခြားတစ်နိုင်ငံက လေးစားရန်အချက်ကိုလိုက်နာဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာကျင့်သုံးလျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံရည်မှန်းချက်၊ အာဆီယံမူ၊ အာဆီယံပဋိညာဉ်တို့ကို လေးစားလိုက်နာကာ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံက ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရေးမူဝါဒများကို အသိအမှတ်ပြုလက်ခံထားပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြု ဟု ပြောကြားလျက်ရှိသော်လည်း မြန်မာနိုင်ငံအစိုးရ၏ ဥပဒေနှင့်အညီလုပ်ဆောင်မှုများကို အသိအမှတ်မပြုသည်မှာ အံ့အားသင့်စရာဖြစ်သည်။ ကုလသမဂ္ဂသည် ပြဋ္ဌာန်းထားသည့် ပဋိညာဉ်နှင့်အညီ ပြောဆိုနေသော်လည်း လက်တွေ့တွင်ကွဲလွဲနေသည်။ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေသော ပကတိမြေပြင်အခြေအနေကို လက်တွေ့လေ့လာခြင်းမရှိဘဲ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများက ပေးပို့တင်ပြသည့် သတင်းမှားများကို လက်ခံအသုံးပြု၍ တည်ဆဲအစိုးရအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုများမှာ စိတ်ပျက်ဖွယ်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သောအရွေ့တစ်ခုကို ရရှိရန်အတွက် သဘောထားမှန်ကန်စွာဖြင့် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုများကို မျက်ကွယ်ပြု၍ နိုင်ငံတကာနှင့် ပြည်သူများမှ အထင်အမြင်လွဲမှားမှုဖြစ်စေသည့် တစ်ဖက်သတ်ထုတ်ပြန်မှုများ ပြုလုပ်ခဲ့ရာ တွေ့ဆုံစဉ်ကဆွေးနွေးမှုများကို သေချာစွာလေ့လာ ကြည့်လျှင် အမှန်တရားကိုသိရှိနိုင်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်