တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အထိုက်အလျောက်အောင်မြင်မှုရရှိလာကြောင်း ဖမ်းဆီးရမိမှုတန်ဖိုးငွေကိန်းဂဏန်းများ မြင့်တက်လာမှုအရ သိရှိရသည်။ တရားမဝင်ကုန်သွယ်မှုများသည် အခွန်မပေးဆောင်လိုခြင်း၊ တားမြစ်ကုန်၊ ကန့်သတ်ကုန်များကို တင်သွင်းတင်ပို့လိုခြင်းတို့ကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကျပ်သန်းထောင်ပေါင်းများစွာနှင့်ချီ၍ တရားမဝင်ကုန်ပစ္စည်းများသိမ်းဆည်းရမိမှုကို ဆန်းစစ်ခြင်းအားဖြင့် တရားမဝင်ကုန်သွယ်မှုများ၏ပမာဏ မည်မျှကြီးမားသည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုပမာဏ ကြီးကြီးမားမားရှိနေခြင်းသည် နိုင်ငံတော်၏ စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ် သက်ရောက်မှုရှိသကဲ့သို့ နိုင်ငံအတွင်း တည်ရှိနေသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်နစ်နာစေသည်။ ထို့အပြင် အရည်အသွေး အာမခံချက်မရှိသောကုန်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များ၊ ဆေးဝါးနှင့်အဖျော်ယမကာအတုများ စသည်တို့ ပြည်တွင်းဈေးကွက်အတွင်းသို့ရောက်ရှိလာပြီး ဝယ်ယူသုံးစွဲသူ၊ စားသောက်သူ ပြည်သူလူထုကို အန္တရာယ်ကျရောက်စေနိုင်သည်။
တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံတော်အတွက် အခွန်ဝင်ငွေကို နစ်နာစေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ထိခိုက်စေခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသကဲ့သို့ တရားဝင်ကုန်သွယ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေသည်။ တရားမဝင်ကုန်သွယ်မှုကိုပပျောက်သွားသည်အထိ တိုက်ဖျက်ခြင်း၊ လျော့ကျသွားအောင် ထိထိရောက်ရောက်ထိန်းချုပ်ခြင်းတို့ မပြုလုပ်နိုင်ပါက တရားဝင်ကုန်သွယ်မှုများကပါ ရေရှည်တွင် တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။
“မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်အောင် မည်သည့်အစီအမံများ ချမှတ်လုပ်ကိုင်သည်ဖြစ်စေ၊ မည်သို့သော လမ်းကြောင်းမှန်ပေါ် တည့်မတ်စေသည်ဖြစ်စေ မြေပြင်တွင် လက်တွေ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို အဂတိတရား လွှမ်းမိုးထားပါက ရည်မှန်းချက်များအောင်မြင်ရန် ခဲယဉ်းနေဦးမည်ဖြစ်ကြောင်း၊ ငွေကြေးတံစိုးလက်ဆောင်ကြောင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်မှုမရှိသည့် ဝန်ထမ်းများရှိနေလျှင် အခွန်မဆောင်သည့်၊ အရည်အသွေး အာမခံချက်မရှိသည့် ကုန်စည်များသည် ပြည်တွင်းသို့ အချိန်တိုအတွင်း တိုက်ရိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း” တရားမဝင်ကုန်သွယ်မှုဦးဆောင်ကော်မတီအစည်းအဝေး(၄/၂၀၂၂)တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ အဂတိတရားကြောင့် နိုင်ငံနှင့်ပြည်သူ နစ်နာမှုမရှိစေရန် သတိပြုရှောင်ရှားကြဖို့လိုသည်။
တရားမဝင်ကုန်ပစ္စည်းများ နိုင်ငံအတွင်း ဝင်ရောက်မလာရေးအတွက် ဘက်ပေါင်းစုံမှ တားဆီးလျက်ရှိကြသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများတွင် မပါဝင်မပတ်သက်မိကြစေရေး၊ အဂတိတရားတို့ ကင်းရှင်းစွာဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရေးအတွက် နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်