လူ့လောက၌ လောဘတရားတို့လွှမ်းမိုးလျှင် အငတ်ဘေးတို့ဆိုက်ရောက်တတ်သည်။ ဒေါသတရားတို့လွှမ်းမိုးလျှင် စစ်မက်ဘေးတို့ဆိုက်ရောက်တတ်သည်။ မောဟတရားတို့လွှမ်းမိုးလျှင် အနာရောဂါဘေးတို့ဆိုက်ရောက်တတ်သည်ဟု ဗုဒ္ဓဘာသာဝင်တို့ယုံကြည်ကြ သည်။ မျက်မှောက်ကမ္ဘာကြီးသည် ဒေါသကမ္ဘာဟု ဆိုရလောက်အောင်ပင် ကြမ်းတမ်းခက်ထန် ပူလောင်မှုတို့က နေရာများစွာတို့မှာ ဖုံးလွှမ်းလျက်ရှိသည်။ လောဘ၊ ဒေါသ၊ မောဟ ဟူသော မူလတရားသုံးပါးတို့တွင်လောဘသည် ဖြည်းဖြည်းညင်းညင်း၊ ဖြားဖြားယောင်းယောင်း၊ သက်သက်သာသာ သတ္တဝါတို့၏အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ ဒေါသသည်ကား ဆောဆောလျင်လျင်၊ ဟူးဟူးရားရား၊ ကြမ်းကြမ်းတမ်းတမ်းပြု၍ သတ္တဝါတို့၏အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ မောဟသည်ကား ထိုတရားနှစ်ပါးတို့၏ ရှေးဦးစွာ ခရီးညွှန်သဖွယ်ဖြစ်၏ ဟူ၍မောင်းထောင်ဆရာတော်ကြီးက ဒေါသကထာတွင် ပြဆိုသည်။
ဒေါသ၏ ဆန့်ကျင်ဘက်မှာမေတ္တာဖြစ်သည်။ မေတ္တာနှင့်ဒေါသသည် ရေနှင့်မီးသဖွယ်ဖြစ်၍ အတူရောနှော၍မရ။ ဒေါသသည် သတ္တဝါတို့၏ အကျိုးစီးပွားကိုဖျက်ဆီးသော်လည်း မေတ္တာကမူ သတ္တဝါအားလုံးတို့၏အပေါ်တွင် ဘေးရန်တို့မရှိစေရန်၊ နှောင့်ယှက်ခြင်းတို့ကင်းစေရန်၊ ဆင်းရဲခြင်းမှကင်းဝေးစေရန်၊ သတ္တဝါတိုင်းမိမိတို့၏ ကိုယ်စိတ်ချမ်းသာမှုတို့အတွက် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြစေရန်အလိုရှိသည်ဖြစ်၍ စိတ်၏ကိလေသာအညစ်အကြေးတို့မှ ကင်းစေသောတရားပင်ဖြစ်သည်။
“ဘိက္ခဝေ၊ ရဟန်းတို့။ စေတောဝိမုတ္တိယာ၊ စိတ်၏ကိလေသာမှ လွတ်ကြောင်းဖြစ်သော။ မေတ္တာယ၊ မေတ္တာကို။ သေဝိတာယ၊ မှီဝဲအပ်သည်ရှိသော်။ ဘာဝိတာယ၊ ပွားစေအပ်သည်ရှိသော်။ ဗဟုလီကတာယ၊ အကြိမ်များစွာပြုအပ်သည်ရှိသော်။ ယာနီကတာယ၊ စီးသောယာဉ်ကဲ့ သို့ ပြုအပ်သည်ရှိသော်။ ဝတ္ထုကတာယ၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်။ အနုဋ္ဌိတာယ၊ မေတ္တာမှမကွာ စေအပ်သည်ရှိသော်။ ပရိစိတာယ၊ လေ့ကျက်အပ်သည်ရှိသော်။ သုသမာရဒ္ဓါယ၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော်။ ဧကာဒသမ၊ တစ်ဆယ့်တစ်ပါးကုန်သော။ အာနိသံသာ၊ အကျိုးဆက်တို့ကို။ ပါဋိကင်္ခီတဗ္ဗာ၊ အလိုရှိအပ်ကုန်၏” ဟု မြတ်စွာဘုရားကဟောကြား ခဲ့ကြောင်းအင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်တွင် ဖော်ပြထားသည်။ မေတ္တာပွားများခြင်း၏ အကျိုးဆယ့်တစ်မျိုးတို့မှာ ကောင်းစွာအိပ်စက်ရခြင်း၊ အိပ်ရာမှကောင်းစွာနိုးထရခြင်း၊ မကောင်းသောအိပ်မက်မမက်ခြင်း၊ လူတို့ကချစ်ခင်ခြင်း၊နတ်ဘီလူးတို့က ချစ်ခင်ခြင်း၊ နတ်တို့ကစောင့်ရှောက်ခြင်း၊ မီး၊ အဆိပ် စသည်တို့ မသင့်နိုင်ခြင်း၊ စိတ်မပျံ့လွင့်ခြင်း၊ မျက်နှာကြည်လင်ခြင်း၊ မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျရခြင်း၊ တရားအထူးကိုထိုးထွင်း၍ မသိသည်ရှိသော် ဗြဟ္မာ့ပြည်သို့ လားရခြင်းဟူ၍ဖြစ်ပြီး ဧကန်မုချရမည့်အကျိုးတရားများပင်ဖြစ်သည်။
သတ္တဝါအများ သူတစ်ပါးတို့ကိုမေတ္တာပွားများမည့်သူ ကိုယ်တိုင်သည်လည်း စွမ်းနိုင်သူ၊ကိုယ်၊ နှုတ်တို့ဖြောင့်မတ်သူ၊ စိတ်နှလုံးလွန်စွာဖြောင့်မတ်သူ၊ ဆိုဆုံးမလွယ်သူ၊ နူးညံ့သိမ်မွေ့သူ၊ မာန်မာနထောင်လွှားခြင်းမရှိသူ၊ တင်းတိမ်ရောင့်ရဲသူ၊ အမွေး အမြူလွယ်သူ၊ အပိုကိစ္စနည်းပါးသူ၊ ပေါ့ပါးဖြတ်လတ်သူ၊ ငြိမ်သက်သောဣန္ဒြေရှိသူ၊ ရင့်ကျက်သောပညာရှိသူ၊ မကြမ်းတမ်းမရိုင်းပျသူ၊ လူပုဂ္ဂိုလ်အစွဲမထားသူ၊ ပညာရှိတို့ပြစ်တင်ဖွယ်အမှုမျိုး အသေးအဖွဲကလေးမျှပင် မပြုလုပ်သူအဖြစ် မိမိကိုယ်ကို ဆောက်တည်ထားရမည်ဖြစ်သည်။
လူတိုင်းလူတိုင်း၏စိတ်နှလုံးတွင် သတ္တဝါဝေနေယျတို့အပေါ်ထားရှိအပ်သော မေတ္တာဓာတ်တို့ ဖုံးလွှမ်းလာသည်နှင့်အမျှ ကမ္ဘာလောကတွင်ဒေါသကြောင့်ဖြစ်ပေါ်နေသည့် သတ္တန္တရကပ်ဘေးမှကင်းဝေးကြပြီး ထာဝရငြိမ်းချမ်းနိုင်မည်ဟူ၍ မေတ္တာအခါတော်နေ့ကို အကြောင်းပြုကာ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်