“ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟု ဆိုနိုင်ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏တည်ငြိမ်မှု ပျက်ပြားသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေးအခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန်အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂)တွင် ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် အများဆန္ဒသဘောထားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒီမိုကရေစီစနစ်ကို လိုလားနှစ်သက်ကြသည်။ အများဆန္ဒသဘောထားကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူကရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်များက ဖွင့်ပေးထားသော နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန်အသုံးချပြီး နိုင်ငံကောင်းကျိုး၊ ပြည်သူပြည်သားများ အကျိုးစီးပွားကို ဖော်ဆောင်ကြရသည်။ ပြည်သူများက လွှဲအပ်ပေးထားသည့် နိုင်ငံရေးအာဏာကို မှန်မှန်ကန်ကန်အသုံးမချပါက နိုင်ငံရေးစနစ် ယိုယွင်းပျက်စီးပြီး နိုင်ငံတော်ပင်အန္တရာယ် ကျရောက်နိုင်သည့် ဖြစ်စဉ်များကို မျက်မှောက်အခြေအနေနှင့် မြန်မာ့နိုင်ငံရေးသမိုင်းတို့တွင် တွေ့မြင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်၌ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ဖဆပလပါတီကြီးတစ်ခုတည်းက နိုင်ငံတော်၏တာဝန်ကို ရယူဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖဆပလအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ပါတီတွင်းအုပ်စုကွဲများ ဖြစ်ပေါ်လာခဲ့သည်။ လူပုဂ္ဂိုလ်ဗဟိုပြု၊ အုပ်စုအလိုက်အာဏာတည်ဆောက်မှု၊ နိုင်ငံရေးမရင့်ကျက်မှုများကြောင့် ပါတီတွင်းထွက်ပေါက်ရှာကြရာမှ အကွဲအပြဲများဖြစ်လာခဲ့သည်။ ထိုအခါ တိုင်းပြည်အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေများဖြစ်ပေါ်လာသောကြောင့် တပ်မတော်သည် နိုင်ငံတော်ကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည်။
ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး တစ်ပါတီစနစ်ဖြင့် နိုင်ငံကိုတည်ဆောက်ခဲ့ရာ နိုင်ငံရေးထွက်ပေါက်၊ စီးပွားရေးထွက်ပေါက်များပိတ်ပြီး အထွေထွေအကျပ်အတည်းများဖြစ်ပေါ်လာကာ နိုင်ငံရေးစနစ်တစ်ခုလုံး ပြိုလဲပျက်စီးသွားခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ပြီး နိုင်ငံရေးထွက်ပေါက်များ ပြန်လည်ရရှိလာအောင် ပါတီများဖွဲ့စည်းခွင့်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းကို ဖောက်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပထမဒီမိုကရေစီအစိုးရ၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယ ဒီမိုကရေစီအစိုးရ နိုင်ငံ့တာဝန်ရယူဆောင်ရွက်ခဲ့ရာ အားသာချက်၊ အားနည်းချက်များရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မမှန်မကန်ဆောင်ရွက်မှုများ ကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက်ပေါက်များပေးထားကာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံကိုမတည်မငြိမ်၊ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်မှုများမှလွဲ၍ ပါတီများအနေဖြင့် ညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီအချင်းချင်း တွေ့ဆုံဆွေးနွေးခွင့်များပြုထားရာ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက် များ ရရှိနေပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသော ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုကြည့်လျှင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် ဦးတည်လျှောက်လှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြထားသည်။ ယခုအခါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာ လာမည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ရရှိခဲ့သည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံးမချမှုများကြောင့် နိုင်ငံရေးအချိုးအကွေ့ဖြစ်ပေါ်ခဲ့ရပြီး ယခုအခါ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည့်မတ်မှန်ကန်စွာဖြင့် ပြန်လည်အကောင်အထည်ဖော်ပေးနေပြီဖြစ်ရာ ရရှိလာမည့် နိုင်ငံရေးထွက်ပေါက်ကို မှန်မှန်ကန်ကန်အသုံးချပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ အကျိုးစီးပွားကို အကောင်းဆုံးအကောင်အထည်ဖော်နိုင်မည့် မှန်ကန်သော နိုင်ငံရေးစနစ်ဖြင့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်