Skip to main content

တိုးမြှင့်သတ်မှတ်ကာလနှင့် ဆောင်ရွက်ရမည့်တာဝန်များ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရနိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာ ထားသည့်ကာလကို ၁.၈.၂၀၂၂ ရက်မှစ၍ နောက်ထပ် ခြောက်လတိုးမြှင့်သတ်မှတ်လိုက်ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံလိုက်သည်။ ယာယီသမ္မတဦးမြင့်ဆွေကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ(တပ်မတော်)အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးရန်၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နိုင်ငံအဝှမ်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များ၊ အခြေခံသင့် အခြေခံထိုက်သည်များကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် မှာကြားလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံ‌တော်တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရာတွင် လက်ရှိပကတိအခြေအနေများနှင့်ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပြည်တွင်းပြည်ပအင်အားစုအသီးသီးတို့၏ ဘက်ပေါင်းစုံမှ အကြမ်းဖက်နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီး ဟန့်တားမှုတို့ကဲ့သို့သော ကြီးမားလှသည့်အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကာအချိန်နှင့်တစ်ပြေးညီအကောင် အထည်ဖော်နေရခြင်းဖြစ်သော်လည်း ရလဒ်ကောင်းများ၊ အခြေအနေကောင်းများနှင့် အောင်မြင်မှုများ ရရှိခဲ့သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံထားပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးအတွက် ဒို့တာဝန်အရေးသုံးပါး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ အဖျက်အမှောင့်သမားတို့က ဝါဒဖြန့်ပြောကြားနေသကဲ့သို့ စစ်အာဏာရှင်ထူထောင်နေခြင်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသောတာဝန်များကို ထမ်းဆောင်နေခြင်းသာဖြစ်သည်။

ထပ်မံတိုးမြှင့်လိုက်သည့် ခြောက်လသက်တမ်းအတွင်း စာရင်းများစစ်ဆေးရန်ကျန်ရှိနေသည့် နိုင်ငံရေးပါတီများကို စစ်ဆေးခြင်း၊ နိုင်ငံသားကတ်များ ဆက်လက်ထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ တိုက်ရိုက်စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိဒေသများ၌ ဆက်လက်ထိုးနှံနိုင်ရန်ဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားတို့၏ စားဝတ်နေရေးကိစ္စများဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း အစရှိသည့် ပြုဖွယ်ကိစ္စအဝဝတို့ ဆက်လက်ထမ်းဆောင်သွားရမှာဖြစ်သည်။

အထူးသဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံအနှံ့အကြားအလပ်မရှိ ကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများ အခွင့်အရေးပိုမိုရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အနှစ်သာရပြည့်ဝပြီး အဓိကအကျဆုံး လုပ်ငန်းစဉ်များဖြစ်သည့်အလျောက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း။     ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်