နေပြည်တော် ဇူလိုင် ၂၂
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(ဒုတိယအသုတ်) ဖြင့် စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် “Hybrid Seminar on Innovation and Young Entrepreneurship for Regional Development”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ Minister Counsellor ဖြစ်သူ Dr. Zheng Zhihong ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ Mekong-Lancang Cooperation National Coordination Unit–Myanmar ဒေသခွဲဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဌာနမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ နိုင်ငံတကာမှ စီးပွားရေးပညာရှင်များ၊ မဲခေါင်-လန်ချန်းဒေသနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဆွေးနွေးပွဲ၌ အောင်မြင်သည့် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ပညာရှင်များ၊ တွေးခေါ်စဉ်းစားမှုအဖွဲ့များနှင့် အခြားသက်ဆိုင်သူ များအားလုံး စွန့်ဦးတီထွင် လုပ်ငန်းဆောင်ရွက်နိုင်ရန် စီးပွားရေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ စသည့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ ပူးပေါင်းပြီး အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကို ချိတ်ဆက်ပေးရုံသာမက မြေယာ၊ ယဉ်ကျေးမှု၊ စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်ဆောင်ရွက်သည့် လက္ခဏာနှင့် အသွင်အပြင်များအားလုံးကို နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ချိတ်ဆက် ပေးခြင်းဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံအချင်းချင်း တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်မှုများကို ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ကျင်းပခြင်းဖြစ်ကြောင်း။
ဆောင်ရွက်သွားမည်
ယခုဆွေးနွေးပွဲမှ ဝန်ဆောင်မှုပေးခြင်း၊ ကုန်စည် ဖြန့်ဖြူးရေးလမ်းကြောင်း၊ ထုတ်ကုန်တံဆိပ် ခိုင်မာရေး၊ စားသုံးသူများနှင့် ခိုင်မာစွာချိတ်ဆက် ဆောင်ရွက်နိုင်ရေး စသည့် MSME လုပ်ငန်းများ Digital စနစ်ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ကို ဦးတည်သည့် တီထွင် ဖန်တီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် အသိပညာ မျှဝေခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲလူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် စွန့်ဦးတီထွင်မှုများမှတစ်ဆင့် အလုပ်အကိုင်များနှင့် ပတ်သက်သည့် အရေအတွက်နှင့် အရည်အသွေးကို ပိုမိုကောင်းမွန်စေနိုင်ပြီး အားလုံးပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်တင် ပေးနိုင်သည့် အခွင့်အရေးများကို ဖော်ထုတ်ပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor ဖြစ်သူ Dr. Zheng Zhihong က ဒေသတွင်းတီထွင် ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင်မှုများ တိုးတက်ရေး အတွက် အကြံဉာဏ်များ မျှဝေနိုင်မည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်၏ မျှော်လင့်ချက်ဖြစ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် လွန်စွာအကျိုးရှိပါကြောင်း၊ တီထွင်ဆန်းသစ်မှုဖြင့်သာ ဈေးကွက်သစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
Mekong-Lancang Cooperation National Coordination Unit–Myanmar ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာနမှ ဒုတိယဥက္ကဋ္ဌက မဲခေါင်-လန်ချန်းဒေသအား ပိုမိုဖွံ့ဖြိုးကြွယ်ဝအောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျော်လွှားရမည့် ပြဿနာများစွာ ရှိသော်လည်း ဒေသတွင်းနိုင်ငံများမှ မိသားစုပုံစံ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ဒေသတွင်းနိုင်ငံများရှိ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအကြား ဆန်းသစ် တီထွင်သော အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန်၊ အောင်မြင်သည့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအကြား အတွေ့အကြုံကောင်းများ မျှဝေကြရန်နှင့် ဒေသတွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများအချင်းချင်း ချိတ်ဆက်မိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပြီး ဇူလိုင် ၂၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်