ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင်ပွင့်တော်မူစဉ်က သက်တော်အားဖြင့် (၃၅) နှစ်ဖြစ်သည်။ ထိုကာလမှစ၍ အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်းဖြစ်သည်ကိုမမှု (၄၅) ဝါကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ တရားတို့ကို မနေမနား ဟောကြားတော်မူခဲ့ရာ မြတ်စွာဘုရားက “ချစ်သား အာနန္ဒာ ... ငါဘုရား ဟောကြားထားသော ဓမ္မဝိနယ ခေါ် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။
ဘုရားရှင်မှာကြားချက်အရ “ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်သည်။ ထိုတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားလည်း တည်ရှိနေသည်ဖြစ်၍ သာသနာတော်လည်း တည်ရှိနေသည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာများ ကွယ်ပျောက်ပါက မြတ်စွာဘုရားလည်း ကွယ်ပျောက်ပြီး သာသနာတော်လည်း ကွယ်ပျောက်မည်ဖြစ်သည်။ သာသနာတော်ကွယ်ပျောက်ခြင်းသည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းခြင်းပင်ဖြစ်သည်။
ထို့ကြောင့် မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော် အဆက်ဆက်သည် ဓမ္မဝိနယဟုခေါ်သော အဘိဓမ္မာတရားတော်များကို မညစ်နွမ်းမပျောက်ကွယ်အောင် ကြိုးစားစောင့်ရှောက်တော်မူခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက်တွင် သာသနာတော်၏ ဆန့်ကျင်ဘက်အန္တရာယ်များ ပေါ်ပေါက်လာတတ်သည်။ ထိုသို့ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရားရှင်၏ တပည့်သားကောင်း ရဟန်းသံဃာတော်များသည် ကြောင့်ကြမဲ့မနေကြဘဲ သာသနာ့အန္တရာယ် ကွယ်ပျောက်ပြီး သာသနာတော်ကြီး သန့်ရှင်းတည်တံ့ထွန်းကားပြန့်ပွားရေးအတွက် သင်္ဂါယနာအသီးသီးကို တင်တော်မူခဲ့ကြသည်။ ထိုသို့သင်္ဂါယနာတင်ရာတွင် ခေတ်အဆက်ဆက် မင်း၊ အစိုးရနှင့် ပြည်သူများကလည်း ကြောင့်ကြမဲ့မနေကြဘဲ သင်္ဂါယနာပွဲကြီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် ခရစ်တော်မပေါ်မီ ၅၄၄ ခုနှစ်တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထိုနှစ်မှစ၍ သာသနာတော်နှစ်တစ်နှစ်အဖြစ် စတင်ရေတွက်ခဲ့သည်။ ယခုအခါ သာသနာတော်နှစ်သည် ၂၅၇၀ ပြည့်နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ် တင်ခဲ့ပြီးဖြစ်သည်။ သာသနာတော် နှစ် (၁) (ခရစ်တော်မပေါ်မီ ၅၄၄ ဘီစီ) မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် သုံးလအကြာတွင် သာသနာတော်ကို ထိပါးပုတ်ခတ်သောကြောင့် ရာဇဂြိုဟ်ပြည်၌ ပထမသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၁၀၀) (ခရစ်တော်မပေါ်မီ ၄၄၃ ဘီစီ) တွင် ဝေသာလီပြည်တွင် သာသနာတော်၌ ဝိနည်းကျင့်ဝတ်မညီသောကြောင့် ဒုတိယသင်္ဂါယနာတင်ခဲ့သည်။ သာသနာတော်နှစ် (၂၃၅) (ခရစ်တော်မပေါ်မီ ၃၀၈ ဘီစီ)တွင် ပါဋလိပုတ်ပြည်၌ ရဟန်းတု၊ ရဟန်းယောင်များကြောင့် တတိယသင်္ဂါယနာ တင်ခဲ့သည်။ သာသနာတော်နှစ် (၄၅၀) (ခရစ်တော်မပေါ်မီ ၉၄ ဘီစီ) တွင် ဘေးကြီး ၁၂ နှစ်တာခံစားရသောကြောင့် သီရိလင်္ကာနိုင်ငံ၌ စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။
သာသနာတော်နှစ် ၂၄၉၈ (ခရစ်နှစ် ၁၉၅၄ ခုနှစ်) ကဆုန်လပြည့်နေ့၌ မြန်မာနိုင်ငံ သူ့ကျွန်ဘဝ၌ နှစ်(၁၀၀) ကျော်နေခဲ့ရ၍ ဗုဒ္ဓသာသနာညှိုးနွမ်းလျက်ရှိရာ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှု၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များကို အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်ဆိုသည်။ ထိုသို့ သင်္ဂါယနာတင်ရာတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားဒေသနာများကို ဟောတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ခြင်းဖြစ်သည်။ တရားတော်များကို တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း အလျှင်းမရှိပေ။
သို့ဖြစ်ရာ ဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွားရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထမ်းဆောင်ခွင့်ရနေသဖြင့် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ခမ်းနားထည်ဝါစည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားထွန်းလင်းတောက်ပလျက်ရှိပါကြောင်း။ ။
