Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၃) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁၀၀) သင်တန်းဆင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ် (၁၀၀) တို့၏ သင်တန်းဆင်း အခမ်းအနားများကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ တစ်ပေါင်းတည်းကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင်သူရဦးဘိုနီ၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဟူသော စွမ်းရည်သုံးရပ် ဖွံ့ဖြိုးတိုးတက်ပြီး အဂတိတရားကင်းစင်၍ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တ ကောင်းမွန်သည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်စေရေးနှင့် နိုင်ငံတော်က မျှော်မှန်းသည့် ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ သန့်ရှင်းသည့် အစိုးရ ဖြစ်ထွန်းရန် ပြည်သူ့ဝန်ထမ်းများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံရှိမှု၊ အရည်အသွေးပြည့်ဝမှုများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်၊ လူတော်များက လူကောင်း ဖြစ်လာစေရန်၊ ပြည်သူ့ဝန်ကိုထမ်းမည့်၊ ပြည်သူများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းဝန်ဆောင်မှုပေးမည့် သူများဖြစ်လာစေရန်နှင့် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးရှေးရှု၍ တာဝန်ကျေပွန်သော ဂုဏ်သိက္ခာ ကျင့်ဝတ်မြင့်မားသော နိုင်ငံ့ဝန်ထမ်းများ ဖြစ်စေရေး ဦးတည်လေ့ကျင့် သင်ကြားပေးလျက် ရှိပါကြောင်း။

ထို့အပြင် ကာကွယ်ရေးပညာဌာနမှလည်း အခြေခံစစ်ပညာဘာသာရပ်ကို သင်ကြားပေးခြင်းဖြင့် အခြေခံစစ်ပညာ၏ စံတန်ဖိုးများဖြစ်သည့် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့် ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် တတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည် မှုရှိခြင်း၊ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း စသည့် အလေ့အကျင့် ကောင်းများရရှိပြီး ကာကွယ်ရေးအသိအမြင် ပိုမိုရရှိကာ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်သည့် အချိန်တွင် အသုံးချနိုင်စွမ်း ရှိသည်အထိ ဆက်လက် လေ့ကျင့်သွားကြရန် မှာကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် အနာဂတ်နိုင်ငံတော်၏ အဓိကစွမ်းအားစုသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည် နှင့်အညီ ပေးအပ်သည့် တာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အဂတိတရား ကင်းစင်၍ အုပ်ချုပ်ရေး၊ လုပ်ငန်းစွမ်းဆောင်ရည်၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းတာဝန်များကို ရိုးသားကြိုးစား ထမ်းဆောင်ကြရန်၊ မိမိအလုပ်ကို ချစ်မြတ်နိုး တန်ဖိုးထားပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြသော နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဝန်ထမ်းများအဖြစ် ရပ်တည် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး (အပေါ်ပုံ) သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

အဆိုပါ အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၃) သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၁၂၇ ဦး၊ သင်တန်းသူ ၁၁၉ ဦး စုစုပေါင်း ၂၄၆ ဦးနှင့် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၁၀၀) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၂ ဦး၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၄၅၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ မေ ၁၆ ရက်မှ ဇူလိုင် ၂၂ အထိ ရက်သတ္တ (၁၀) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်