Skip to main content

(၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး မြန်မာကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် ပါဝင်တက်ရောက်

နေပြည်တော် ဇူလိုင် ၁၉

အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၁၉ ရက်က Video Conferencing ဖြင့် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံမှ Online ဖြင့် တက်ရောက်

အဆိုပါအစည်းအဝေးသို့အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ အတွင်းဝန်များနှင့်ညွှန်ကြားရေးမှူးချုပ်အဆင့်များ ဦးဆောင်၍ အရာရှိကြီးအဆင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် SOMTC (မြန်မာ) ခေါင်းဆောင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ အစည်းအဝေးခန်းမမှ Online ဖြင့် ပါဝင်တက်ရောက်ကြသည်။

22nd SOMTC စုံညီအစည်းအဝေးကို ဇူလိုင် ၁၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ဒေသစံတော်ချိန်နံနက် ၉ နာရီတွင် စတင်ကျင်းပရာ အစည်းအဝေးသဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးရုံး အထွေထွေအတွင်းရေးမှူးချုပ် (SOMTCခေါင်းဆောင်) ရဲဗိုလ်ချုပ်ကြီး POR PHAK က အဖွင့်အမှာစကား ပြောကြားသည်။

မူးယစ်ဆေးဝါးပြဿနာ

ထို့နောက် အာဆီယံ၁၀နိုင်ငံမှ SOMTC ခေါင်းဆောင်များက နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ အာရှဒေသတွင်း စိမ့်ဝင်လာသော အကြမ်းဖက်မှုအန္တရာယ်တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးပြဿနာ၊ လက်နက်မှောင်ခိုသယ်ဆောင်မှုများ၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်များတရားမဝင်သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။ အစည်းအဝေးတွင် မြန်မာ SOMTC ခေါင်းဆောင် ရဲဗိုလ်ချုပ်အောင်အောင်က မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လက်နက်မှောင်ခိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

လုပ်ငန်းလမ်းညွှန်အတည်ပြု

မွန်းလွဲပိုင်းတွင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အကောင်အထည်ဖော်မည့် SOMTC လုပ်ငန်းစဉ်(၂၀၂၂-၂၀၂၄)၊ SOMTC ၏ လုပ်ငန်းလမ်းညွှန် (TOR)နှင့် အထွေထွေနိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (TOR)တို့ကို အတည်ပြုခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်းများ၊ ဆိုင်းငံ့/ ဆောင်ရွက်ဆဲအခြေအနေများကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

နိုင်ငံအလိုက်ရှင်းလင်းဆွေးနွေး

ထို့နောက် အာရှဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ပံ့ပိုးပေးလျက်ရှိသော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံတို့နှင့် ပြုလုပ်မည့် အစည်းအဝေးအစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သက်ဆိုင်ရာနိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 22nd SOMTC နှင့် ဆက်စပ်အစည်းအဝေးများကို ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်