နေပြည်တော် ဇူလိုင် ၁၉
ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသမှုဖြင့် အများပြည်သူ့နှင့် လူမှုရေးအသင်းအဖွဲ့များ လာရောက်ဂါဝရပြုခဲ့ကြသည်။
နံနက် ၁၀ နာရီကျော်တွင် မိုးရိပ်တို့သန်းနေသော ရန်ကုန်မြို့မှာ နေရောင်ခြည်ဖြာဆင်းလာမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဝင်းရှိ အရိပ်ရသစ်ပင်များနှင့် မြက်ခင်းတို့မှာ နေခြည်ထိတွေ့မှုဖြင့် စိမ်းလဲ့တောက်ပလျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ ပြည်သူများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာရောက်ဂါရဝပြုလျက်ရှိရာ အသက် ၈၉ နှစ်ရှိ တပ်မတော်အငြိမ်းစား အဘစိုးညွန့်က “ဗိုလ်ချုပ်ကျဆုံးချိန်မှာ အဘက အသက် ၁၄ နှစ်ကျော်ပြီ။ ဒါနဲ့တပ်ထဲဝင်ခဲ့တယ်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များကို အာဇာနည်နေ့တိုင်း အဘလာပြီး ဂါရဝပြုတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ဖခင်၊ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော်ရဲ့မိခင်ဆိုပြီး အဘခံယူထားတယ်။ အခုလိုနှစ်စဉ် အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်များကို ဂါဝရပြုရတာကို ဂုဏ်လည်းယူတယ်” ဟု ပြောကြားသည်။
နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးလေပြီးသော အာဇာနည်ကိုးဦးအား လွမ်းဆွတ်တသအမှတ်ရမှုဖြင့် သွားလာနေကြသော ယာဉ်နှင့် ပြည်သူများ ရပ်တန့်ကြပြီး ဥဩဆွဲ၍ ပြည်သူများက ဦးညွတ်အလေးပြုကြကာ နိုင်ငံတစ်ဝန်း၌ အလံများကို တိုင်တစ်ဝက် လွှင့်ထူခဲ့ကြသည်။
ယနေ့ (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် အများပြည်သူတို့သည် ရွှေတိဂုံစေတီတော်မြတ် အရှေ့ဘက်မုခ်မှ ဗဟန်းမြို့နယ် နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်ပြတိုက်လမ်းဆုံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူ၍ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော ဗိုလ်ချုပ်နေအိမ်ကို ကြည့်ရှုလေ့လာပြီး နတ်မောက်လမ်း ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ပြည်သူများက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို ရည်မှန်းလျက် အလေးအမြတ် ဦးညွတ်ဂါရဝပြုခဲ့ကြသည်။
ရန်ကုန်မြို့ ကန်တော်ကြီးမြောက်ဘက် နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအား တစ်ချိန်က အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီကို ဂုဏ်ပြု၍ ဒါလဟိုဇီပန်းခြံဟု ခေါ်တွင်ခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရန် ရှမ်းပြည်နယ် တောင်ကြီးမြိုမှ ပန်းချီ၊ ပန်းပုပညာရှင် ဦးစံဖေထုဆစ်သော ပုံစံငယ်ရုပ်ထုကို ၁၉၅၅-ခုနှစ်တွင် လန်ဒန်မြို့ အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကြေးသွန်းပညာရှင် မစ္စတာကော့ပနယ်(Bainbridge Copnell)က ဗိုလ်ချုပ်ကြေးရုပ်ကို သွန်းလောင်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုသည် အမြင့် ၈ ပေ ၄ လက်မရှိပြီး ရုပ်ထုအောက် ကမ္ပည်းစာသားကို ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဝန်ကြီးချုပ်ဦးနု၊ ဦးသန့်နှင့် ဗိုလ်မှူးကြီးဘရှင်တို့က စီစစ်ရွေးချယ်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြေးရုပ်ထုအောက်ခံခုံအရှေ့ဘက်တွင် “ပြည်ထောင်စု၏ ရှေ့ဆောင်လမ်းပြကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၂၇၆-ခု တပေါင်းလဆန်း ၁ ရက်၊ ကျဆုံးနေ့ ၁၃၀၉-ခု ဝါခေါင်လဆန်း ၂ ရက်” ဟု ရေးထိုးထားပြီး အောက်ခံခုံအနောက်ဘက်၌ “တတိုင်းပြည် လုံးကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အား တိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတမျိုး၊ ကရင် ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား၊ အကွဲကွဲအပြားပြားလုပ်နေကြယင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင် မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကောင်းသိနိုင်တယ်” ဟု ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ရေးထိုးထားသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲကို ၁၉၅၅-ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အနှစ် ၄၀ ပြည့်မွေးနေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၂၀-ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ပြီး ယခင်ပန်းခြံဧရိယာ ၁၄၀ x ၇၀ ပေ(၀ ဒသမ ၂ ဧက) ရှိရာမှ ၄၃၀ x ၁၃၁ ပေ( ၁ ဒသမ ၃ဧက) အထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး