ရန်ကုန် ဇူလိုင် ၁၉
၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူ၊ အများပြည်သူ၊ နိုင်ငံခြားသားများ လာရောက်လေ့လာကြသည်ကို တွေ့ရသည်။
မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ပြတိုက်ကို ယမန်နှစ်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသတ်မှတ်ချက်များကြောင့် အွန်လိုင်းမှသာ ပြသခဲ့ရာ ယခုနှစ် အာဇာနည်နေ့တွင် အထူးပြပွဲအနေဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားပြတိုက်(ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက “ဒီနေ့ (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အထူးပြပွဲအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ ပြတိုက်အဝင်ဝမှာဆိုရင် ဒီနှစ်မှာအထူးအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မိုဘိုင်း LED ဘုတ်အကြီးနဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေ၊ ဗိုလ်ချုပ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဗိုလ်ချုပ်ဂုဏ်ပြုတဲ့ သီချင်းတွေကို ပြသထားပါတယ်။ ပြတိုက်အတက် လမ်းတစ်လျှောက်မှာ တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြသထားတဲ့ဗိုလ်ချုပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဘုတ်ပြား ၁၅ ချပ်နဲ့ ပြသထားပါတယ်။ ပြတိုက်အထွက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ဘဝဖြစ်စဉ်၊ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝဖြစ်စဉ်တွေ၊ နောက်ဆုံး တပ်မတော်ခေါင်းဆောင်ဘဝအထိကို ဘုတ်ပြား ၁၀ ချပ်နဲ့ခင်းကျင်းပြသထားပါတယ်။ ပြတိုက်အတွင်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေကို မြန်မာ/ အင်္ဂလိပ် နှစ်ဘာသာနဲ့ အသစ်ပြန်လည်ခင်းကျင်းပြသထားပါတယ်။ ဧည့်ခန်းမှာဆိုရင် ၁၉၆၄-၆၅ ခုက ပန်းချီဆရာကြီးဦးငွေကိုင် ရေးဆွဲထားတဲ့ ရှားပါးတဲ့လက်ရာ၊ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ဆိုတဲ့ ပန်းချီကားကိုလည်း ပြသထားပါတယ်။ အပေါ်ထပ် ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်းမှာ ဗိုလ်ချုပ်ရဲ့ ရှားပါးဓာတ်ပုံတွေ၊ ဈာပနအခမ်းအနားပုံတွေကို ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး Hologram နဲ့ ခင်းကျင်းပြသထားပါတယ်။ စာမျက်နှာ ၆၀၀ ကျော်ရှိတဲ့ ဗိုလ်ချုပ်မိန့်ခွန်းပေါင်းချုပ်၊ လက်ရေးမူ၊ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူ၊ အကြွေစေ့၊ တံဆိပ်ခေါင်း၊ ဗိုလ်ချုပ်သမိုင်းကြောင်းဆိုင်ရာ မြန်မာ/အင်္ဂလိပ် နှစ်ဘာသာအပြည့်အစုံတို့ကို ၃၂ လက်မ Touch Screen နဲ့ အများပြည်သူ လာရောက်လေ့လာနိုင်အောင် ပြသထားပါတယ်” ဟု ပြောသည်။
“ဗိုလ်ချုပ်ပြတိုက်ကို လာရောက်လေ့လာသူတွေကို သောက်ရေသန့်၊ နှာခေါင်းစည်းတွေ ပေးဝေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့တော် စည်ပင်သာယာကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေ အပြည့်အစုံရှိပါတယ်။ ပြည်သူလုံခြုံရေးအတွက်လည်း ပြည့်ပြည့်စုံစုံနဲ့ လာရောက်ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြတိုက်တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ထားပါတယ်။ ဒီနေ့က အထူးပြပွဲအနေနဲ့ပြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပုံမှန် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ်နံနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသပါတယ်။ တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေဆို ပြတိုက်ပိတ်ပါတယ်” ဟု ဒေါ်သီသီသောင်းက ဆက်လက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို လာရောက်လေ့လာသူ ဗိုလ်တထောင်မြို့နယ်မှ ဒေါ်သန်းသန်းထွေးက “ဗိုလ်ချုပ်တို့ကို အမြဲတမ်းအမှတ်ရပါတယ်။ ဒီနေ့မှာဆို ပိုပြီးအမှတ်ရတယ်။ ခုလည်း သတိရလို့မျက်ရည်ကျမိပါတယ်။ ကိုယ့်မိဘလိုပဲ ခံစားရပါတယ်။ တာဝန်ရှိသူတွေက စိတ်ရှည် ရှည်နဲ့ရှင်းပြတဲ့အတွက် ပြည့်ပြည့်စုံစုံ လေ့လာခဲ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့ မိသားစုဝင်တွေ အကြောင်းကို အပြည့်အစုံလည်းသိခဲ့ရပါတယ်။ ဗိုလ်ချုပ်တို့ကို အမှတ်ရပြီးတော့ ဗိုလ်ချုပ်တို့လို နိုင်ငံနဲ့လူမျိုးအတွက် အားလုံးမျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ပြောသည်။
“ဒီလိုနေ့မျိုးမှာ နိုင်ငံခေါင်းဆောင်တွေ ကျဆုံးသွားတာကို သတိရဝမ်းနည်းမိပါတယ်။ ပြတိုက်ကိုလေ့လာရတာ ဗဟုသုတလည်းရပါတယ်။ ဗိုလ်ချုပ်သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ မိသားစုဝင်အကြောင်းတွေ၊ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုအစုံအလင် ခင်းကျင်းပြသထားတာတွေ့ရပါတယ်။ မရောက်ဘူးသေးတဲ့သူတွေကိုလည်း လာလေ့လာစေချင်ပါတယ်။ ဗဟုသတရစေချင်ပါတယ်” ဟု မင်္ဂလာဒုံမြို့နယ်မှ လာရောက်လေ့လာသူ မောင်ပြည့်ဖြိုးက ပြောသည်။
ယနေ့ (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူနိုင်ငံခြားသား ၄ ဦးအပါအဝင် စုစုပေါင်း ၅၃၄ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)