Skip to main content

နေပြည်တော်ကောင်စီနယ်မြေအတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၁၈

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

“ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ အသင်းက နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေကို လက်ဝယ်အရောက် စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀ နှုန်းနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဥတ္တသီရိမြို့နယ် ပျဉ်းမနားနဲ့ တောင်ညို လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေနဲ့ ပုဗ္ဗသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဈေးကား နှစ်စီးနဲ့ လှည့်လည်ရောင်းချပေးတာ ဖြစ်ပါတယ်။ ဈေးကားတစ်စီးကို စားသုံးဆီပိဿာချိန် ၅၅၀ နဲ့ စုစုပေါင်း ဈေးကားနှစ်စီး ပိဿာချိန် ၁၁၀၀ ကို ဒီနေ့မှာ စတင် ရောင်းချပေးတာ ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကို ထက်က ပြောသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် နေပြည်တော် ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူ ပြည်သူများထံသို့ စားသုံးဆီ လက်ဝယ်အရောက် သက်သာ သော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲ နိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

“ ရပ်ကွက်၊ ကျေးရွာထဲက ကုန်စုံဆိုင်တွေမှာ စားသုံးဆီ တစ်ပိဿာကို ငွေကျပ် ၈၅၀၀ နဲ့ ရောင်းနေတဲ့အချိန်မှာ ရပ်ကွက်ထဲအထိလာပြီး တစ်ပိဿာကို ငွေကျပ် ၃၉၀၀ နဲ့ လာရောင်း ပေးတဲ့အတွက် ဝမ်းသာတယ်။ အခုလို စားသုံးဆီကို သက်သာတဲ့ ဈေးနှုန်းနဲ့ မကြာခဏလာရောက် ရောင်းချ ပေးစေချင်ပါတယ်။ အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တစ်ဦးကို တစ်ပိဿာနှုန်းနဲ့ ရောင်းချပေးတဲ့အခါ မိသားစု နည်းတဲ့သူတွေအတွက်သာမက မိသားစုများတဲ့ သူတွေအတွက်ပါ အဆင်ပြေပါတယ်” ဟု ဥတ္တရ သီရိမြို့နယ် ရွှေနံ့သာရပ်ကွက်မှ စားသုံးဆီ လာရောက်ဝယ်သူ ဒေါ်စန်းဦးက ပြောသည်။

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းအနေဖြင့် ယခင်က နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို အလှည့်ကျ ရောင်းချပေးခဲ့သော်လည်း အမှန်တကယ်စားသုံးသူ ပြည်သူများထံ တိုက်ရိုက် မရောက်ရှိသည့်အတွက် ယခုကဲ့သို့ ရပ်ကွက်၊ ကျေးရွာများသို့ ဈေးကားများဖြင့် လက်ဝယ် အရောက် တိုက်ရိုက်လာရောက် ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စားသုံးသူပြည်သူများအတွက် အသင်း၏ အစီအစဉ်ဖြင့် ကျန်ရှိသည့် ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံလှည့်လည် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်