နေပြည်တော် ဇူလိုင် ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အလုပ်သင်(နေ့စား) ဝန်ထမ်းများအား ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်ဆိုင်ရာ နည်းပညာပေး သင်တန်းဆင်းပွဲကို ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)တွင် ဇူလိုင် ၁၅ ရက်က ကျင်းပသည်။
ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိငါးလုပ်ငန်းဦးစီးဌာနတွင် အလုပ်သင်(နေ့စား)ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်သင်တန်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကိုဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ သင်တန်းကို ဇူလိုင် ၁၃ ရက်မှ ၁၅ ရက် အထိ ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အလုပ်သင် (နေ့စား) ဝန်ထမ်းစုစုပေါင်း ၁၆၃ ဦးအား အွန်လိုင်းမှတစ်ဆင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ နောက်ခံသမိုင်းကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လုပ်ငန်းတည်နေရာရွေးချယ်ခြင်း၊ ထိန်းသိမ်းမွေးမြူခြင်း၊ သန့်ရှင်းကျန်းမာခြင်းနှင့် ရောဂါပိုးမွှားကင်းစင်ခြင်း၊ ရေသုံးစွဲမှုနှင့်စီမံခန့်ခွဲမှု၊ အစားအစာစီမံခန့်ခွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစီမံခန့်ခွဲမှု၊ ဓာတုပစ္စည်းနှင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ ဆေးဝါးစီမံခန့်ခွဲခြင်း၊ အလုပ်သမားနှင့် လူမှုအသိုက်အဝန်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပြင်းထန်သော မိုးလေဝသအခြေအနေများအား သင်ကြား ပို့ချပေးခဲ့သည်။
သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားများက ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ရေဆင်းငါးလုပ်ငန်းစခန်း၊ တလုပ်လှငါးလုပ်ငန်းစခန်း၊ သထုံငါးလုပ်ငန်းစခန်းများသို့ တိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်ဖြင့် သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
သတင်းစဉ်