Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများစစ်ဆေး၊ အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၁၆

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိစစ်ဆေးသည်။

ဦးစွာ အစည်းအဝေးခန်းမ၌ ဦးစီးမှူးက စက်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ကြပ်မတ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ အနေဖြင့် စက်မှုလုပ်ငန်းများကို စစ်ဆေးကြပ်မတ် မှတ်ပုံတင်ပေးနေရုံဖြင့် ကျေနပ်မနေဘဲ စက်ရုံ စတင်တည်ဆောက်မည့် အဆောက်အဦ Plan များ၊ စက်တပ်ဆင်မည့် Layout Plan များကိုလည်း စစ်ဆေး ကြပ်မတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ ကိုယ်စား ဆောင်ရွက်ရသည်ဖြစ်၍ Regulatory တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ရေးဆွဲလျက် ရှိသည့် စက်မှုဇုန် နည်းဥပဒေတွင် စစ်ဆေး ကြပ်မတ်ရမည့် အချက်များကို ပြည့်ပြည့်စုံစုံ ထည့်သွင်း ရေးဆွဲသွားရန် မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)သို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက္ကူထုတ်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ နောက်ဆုံးပေါ် နည်းပညာများရရှိရေး လေ့လာရန်နှင့် ဆင့်ပွားသင်တန်းများ ပြုလုပ်ပေးရန်၊ စက်ရုံအနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် Business Plan များရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွင်းအားစုများ၏ ဈေးနှုန်းကို တစ်သမတ်တည်းထား၍ မတွက်ချက်ဘဲ ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းများဖြင့် တွက်ချက်ထားရန်နှင့် လေ့လာစဉ်းစား သုံးသပ်ထားရန် မှာကြားသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အင်ဂျင်နီယာ ပညာရေးကော်မတီ တို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပသည့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနားကို Hybrid စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

ညီလာခံတွင် “အရည်အသွေး ပြည့်ဝသည့် အင်ဂျင်နီယာ ပညာရေးမှသည် အနာဂတ် အင်ဂျင်နီယာ ပညာရပ်ဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ဇူလိုင် (၁၆) ရက်မှ (၁၇) ရက်အထိ (၂)ရက်တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း(၁၀)နိုင်ငံမှ ဂုဏ်ထူးဆောင် ဟောပြောသူများ တက်ရောက် ဆွေးနွေးပြီး ပြည်တွင်း နည်းပညာ တက္ကသိုလ်များရှိ ဆရာ/ ဆရာမများမှ စာတမ်းများ ဖတ်ကြားခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)