Skip to main content

စားသုံးသူကာကွယ်ရေး လမ်းညွှန်ချက်များနှင့် စားသုံးသူများ၏ ဘဝခရီး

ယခင်က စားသုံးသူ အကာအကွယ်ပေးရေးကိစ္စများသည် မရှိသလောက် နည်းပါးခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်းနှစ်များတွင်မူ စားသုံးသူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများသည် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ စတင်မြစ်ဖျား ခံလာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အမေရိကန်သမ္မတ John F. Kennedy သည် သမိုင်းဝင်ကြေငြာချက်အဖြစ် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုပြောကြားချက်အရ အားပေးထောက်ခံမှုများသည် အရှိန်အဟုန်မြင့်မားစွာ ပြန့်ပွားခဲ့ပေသည်။ ၁၉၇၀ နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လှုပ်ရှားမှုများသည် အပြည်ပြည်ဆိုင်ရာအဆင့်သို့ စတင်ရောက်ရှိခဲ့ပါသည်။ ကမ္ဘာ့ကုလသမ္မဂ၏ လမ်းညွှန်ချက်များကို ပထမဦးစွာ ၁၉၈၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် (၃၀/ ၂၄၈)ဖြင့် အတည်ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် စီးပွားရေးနှင့် လူမှုရေးကောင်စီမှ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၁၉၉၉/ ၇)ဖြင့် ထပ်မံတိုးချဲ့ အတည်ပြုခဲ့သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ်(၇၀/ ၁၈၆)ဖြင့် ဆုံးဖြတ်ချက်များကို ပြန်လည်ပြင်ဆင်ကာ လမ်းညွှန်ချက် (၈)ရပ်ဖြင့် အတည်ပြုခဲ့ပါသည်။

ထိုလမ်းညွှန်ချက် (၈)ရပ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ စားသုံးသူများအတွက် မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စားသုံးသူများ၏ ဓလေ့စရိုက်၊ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဆက်နွယ်မှုအလျောက် မိမိတို့နှင့်ကိုက်ညီမည့် ဥပဒေ၊ နည်းစနစ်များ၊ မူဝါဒများ ချမှတ်နိုင်ရန် စံလမ်းညွှန်ချက်အဖြစ် လက်ခံကျင့်သုံးကြပါသည်။ စားသုံးသူပြည်သူများ၏ ဘဝခရီးတစ်လျှောက် မလုံခြုံမှု ဘေးဥပဒ်အန္တရာယ်များ အခတ်အခဲများ ကြုံတွေ့ရနိုင်ပါသည်။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ကျော်လွှားနိုင်ဖို့ နည်းစနစ်ကျသည့် အစီအမံများ လမ်းညွှန်ချက်များ လိုအပ်ပါသည်။ စာရေးဆရာ ဦးအောင်သင်းက ဟောပြောပွဲတစ်ခုမှ လူမပြောနဲ့ တိရိစ္ဆာန်တွေတောင် အသက်ရှင် ရပ်တည်နိုင်အောင် အစာရှာရသလို ဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် ပညာသင်ကြားရကြောင်း (Animal Education) အကြောင်းကို ဟောပြောသွားတာ ကြားခဲ့ဖူးပါတယ်။ လူသားများဖြစ်တဲ့ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး နောက်ခံသမိုင်းကြောင်းနှင့် လမ်းညွှန်ချက်များကို သိရှိထားသင့်ပေသည်။

လမ်းညွှန်ချက်တစ်ခုအနေဖြင့် စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုကို ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန်(The Right To Safety) ဖြစ်ပါသည်။

စားသုံးသူများ ဘဝခရီးသွားမယ်ဆိုရင် ဘေးဥပဒ်အန္တရာယ်အကြောင်း သိထားရပါမယ်။ ဘေးဥပဒ်အန္တရာယ်ကို (၂)မျိုး ခွဲခြားနိုင်ပါသည်။ ပထမတစ်ခုက သဘာဝကပေးတဲ့ ဘေးဥပဒ်အန္တရာယ်ပါ၊ ရေကြီးခြင်း၊ မိုးခေါင်းခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းကျခြင်း ကပ်ဘေးရောဂါဆိုးကြီးတွေ ဆိုက်ရောက်ခြင်း စသည်ဖြင့် အများကြီး တွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်တွေက စားသုံးသူများ၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်စားဝါးမြိုပြီး ဘေးဥပဒ်တွေ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ဆိုးကြီးတွေ ပေးခဲ့တာကို စားသုံးသူများ အသိပင်ဖြစ်ပါသည်။ စားသုံးသူများဟာ မိမိတို့ နေထိုင်အသက်ရှင်ဖို့ သဘာဝပတ်ဝန်းကျင်ကို အမှီသဟဲပြုပြီး သဘာဝပတ်ဝန်းကျင်ကပေးတဲ့ သီးပင်စားပင်နဲ့ တိရိစ္ဆာန်တွေကို စားသုံးခဲ့ကြပါသည်။ သစ်ပင်ဝါပင်တွေကို နေထိုင်ဖို့နှင့် လောင်စာအဖြစ် အသုံးပြုခဲ့ကြပါသည်။ ဥတုရာသီကိုမှီပြီး စိုက်ပျိုးမွေးမြူ စားသုံးခဲ့ကြပါသည်။ လူတို့၏ လိုအပ်ချက်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေဟာ သဟဇာတ ဖြစ်ခဲ့ကြပါသည်။

သို့သော်လည်း များပြားလာသည့် စားသုံးသူဦးရေ၊ လိုအပ်ချက်တွေများလာတဲ့ စားသုံးသူများ၏ ဘဝဖြစ်စဉ်များ ပြောင်းလဲခဲ့ပါသည်။ စားသုံးသူများ၏ ဘဝကို တွန်းအားပေးလာသည့် လောဘကြောင့် အမှားလမ်းစဉ်ကို ကြီးထွားလာစေခဲ့ပါသည်။ စားသုံးသူများသည် လိုအပ်တာထက် သဘာဝပတ်ဝန်းကျင်ကို စားသုံးရုံမက ဖြုန်းတီးပျက်စီးစေသည့်ပုံစံများ ဖြစ်ပေါ်ခဲ့ပါသည်။ သဘာဝ‌ဂေဟစနစ်တွေနှင့် ဇီဝဖြစ်စဉ်များ ကစဉ်ကလျားနဲ့ ယိုယွင်းချည့်နဲ့ လာခဲ့ပါသည်။ စားသုံးသူတို့နှင့် ရင်းနှီးကျွမ်းဝင် အကျိုးပြုခဲ့တဲ့ သဘာဝပတ်ဝန်းကျင်သည် ပျက်စီးပြုန်းတီးပြီး လူ့လောကကိုရန်ညိုးနဲ့ ဘေးဥပဒ်ဆိုးကျိုးများ ပေးလာခဲ့ပါသည်။ ဒီဖြစ်စဉ်တွေကတော့ သဘာဝကပေးတဲ့ ဘေးဥပဒ်ဆိုးကျိုးများအဖြစ် သိထားသင့်ပါသည်။ ထိုဖြစ်စဉ်ဖြစ်ရပ်များကို ဥပမာယူပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များတွင် စားသုံးသူ အကျိုးစီးပွားနှင့် ယဉ်တွဲ၍ သဘာဝပတ်ဝန်းကျင်ကိုပါ ကာကွယ်ထိန်းသိမ်းရမည့်ဟု လမ်းညွှန်ချက်တွင် ထည့်သွင်းလမ်းညွှန်ခဲ့ခြင်း ဖြစ်ပါသည်။

ဘေးဥပဒ်အန္တရာယ် နောက်တစ်မျိုးကတော့ စားသုံးသူများ၏ အသိပညာဗဟုသုတ အားနည်းမှု၊ စီးပွားရေးလုပ်ငန်းများ၏ မိမိအကျိုးစီးပွားကို ဦးတည်သည့် လွဲမှားသော စီးပွားရေး အလေ့အထများကြောင့် ဖြစ်ပေါ်လာသော ဘေးဥပဒ်အန္တရာယ်နှင့် နစ်နာမှုများ ဖြစ်ပါသည်။ ရေစီးသန်ရင် ကမ်းပြိုတယ်” ဟူသော ဆိုရိုးစကားအတိုင်း စားသုံးသူတို့ရဲ့ ဓလေ့စရိုက် ပြောင်းလဲလာမှု အစားအသောက်၊ အသုံးအဆောင်များ၊ ဝန်ဆောင်မှုများသည် ခေတ်စနစ်အရ အရှိန်အဟုန်ဖြင့် အံ့မခန်း တိုးတက်ပြောင်းလဲလာပါသည်။ တိုးတက်မှု ရေစီးကြောင်းသည် စားသုံးသူများ၏ ဓလေ့စရိုက်ကိုပါ ပြောင်းလဲပြီး လိုက်ပါစီးမြော စေခဲ့ပါသည်။ တိုးတက်မှုတိုင်းတွင် ဘေးထွက်ဆိုးကျိုး ရှိတတ်ပါသည်။ တိုးတက်မှုနှင့် လိုက်ပါလာသည့် ဘေးထွက်ဆိုးကျိုးများကို စားသုံသူများ သိမြင်ရန် စားသုံးသူရေးရာ ဗဟုသုတလိုအပ်ပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများသည် စားသုံးသူတို့အတွက် လုံခြုံမှုများ နည်းပါးလာပါသည်။ ဥပမာ- ဆက်သွယ်ရေးနှင့်ပတ်သက်၍ လက်ကိုင်ဖုန်းများ ပေါ်လာသည်။ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ ဆက်သွယ်ရ ချိတ်ဆက်ရ လွယ်ကူလာပါသည်။ တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီဝေးပေမယ့် မျက်နှာချင်းဆိုင် စကားပြောလို့ ရလာပါသည်။ ခေတ်မှီတဲ့တိုးတက်မှု ဖြစ်လာသည်။ တိုးတက်မှု နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးက ကပ်ပါလာတာပဲ အဲ့ဒီဆိုးကျိုးကတော့ သိလျက်နဲ့ ဆေးမရှိတဲ့ ရောဂါမျိုးနဲ့ ဝင်ငွေရော စိတ်ဓာတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ကြုံတွေ့နေရသည့် စားသုံးသူများ၏ ဒုက္ခပင်ဖြစ်ပေသည်။ ဖုန်းကိုင်ပြီး တစ်နေကုန် ကလေး၊ လူကြီး အရွယ်စုံပဲ ဖုန်းနဲ့ ပျော်မွေ့နေကြသည်။

ဘေးထွက်ဆိုးကျိုးကတော့- “အဆော့လွန်ပြီး မပုဒ်သိုးတဲ့ခန္တာကိုယ်နှင့် မိဘကို နှစ်ရှည်လများ ဒုက္ခပေးတဲ့ ဉာဏ်ရည်မမှီတဲ့ ကြောင်တောင်တောင် သားသမီးတွေ ဘယ်နှစ်ယောက်ရှိမလဲ” “အချိန်နှင့်တိုးတက်မှု အညွှန့်အဖူးကို စားသုံးပြီး အမြင့်တက်မည့် ဘဝလှေကား နောက်ပြန်ဆင်းသူတွေ ဘယ်လောက်များလေမလဲ” “စိတ်ဆွဲလန်းမှုကြောင့် အသက်ပါပေးလိုက်ရတဲ့ နိုင်ငံရဲ့ရတနာ Game player တွေ ဘယ်လောက်များပြီလဲ” တိုးတက်မှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာ စားသုံသူများ ခံစားသိမြင်ပြီး ထိုဖြစ်စဉ် ဖြစ်ရပ်များသည် ဘေးဥပဒ်အန္တရာယ်နှင့် တိုးတက်မှုများမှ ဖြစ်ပေါ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင်း စားသုံးသူများ သိထားသင့်ပေသည်။

စားသုံးသူတို့၏ နိစ္စဓူဝတွေ့ကြုံနေရသည့် ဘေးဥပဒ်အန္တရာယ်တွေကို ဘယ်လိုအကာအကွယ် ပေးကြမှာလဲ၊ ဘယ်လိုမူဝါဒတွေ ချမှတ်ထားသည်ကို လေ့လာသုံးသပ် သင့်ပေသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ မလုံခြုံမှုနှင့် ဘေးဥပဒ်အန္တရာယ်တွေကို ဖြေရှင်းကိုင်တွယ် တည့်မတ်ပေးရန် စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့နှင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဥပဒေနှင့် စားသုံးသူကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းခဲ့ပါသည်။

စားသုံးသူကာကွယ်ရေး ဥပဒေကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများဖြစ်သည့်

- မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်

- တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီများ

- စားသုံးသူရေးရာဦးစီးဌာန၊

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံးသူရေးရာကော်မတီများ

- တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံးများ၊

- ခရိုင်စားသုံးသူရေးရာ‌ကော်မတီများ

- စစ်ဆေးရေးအဖွဲ့နှင့် စစ်ဆေးရေးအရာရှိများ စသည်တို့သည် အခြေခံဈေးကွက်မှစတင်၍ ကြီးမားကျယ်ပြန့်သည့် စားသုံးသူတို့၏ နိစ္စဓူဝဖြစ်စဉ်ဖြစ်ရပ်များကို စနစ်တကျနှင့် ဥပဒေများ၊ နည်းဥပဒေများ ရေးဆွဲပြီးဖြစ်သည့် စံလုပ်ငန်း လမ်းညွှန်ချက်များနှင့် စစ်ဆေးရေးအရာရှိမှ အဆင့်ဆင့် ကော်မရှင်အထိ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းပြီး စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အားနည်းမှု ထိခိုက်ပွတ်တိုက်မှုများကို လမ်းညွှန်ချက်များအတိုင်း စားသုံးသူများ အကျိုးစီးပွားအတွက် ဥပဒေ၊ မူဝါဒနှင့် နည်းစနစ်များချမှတ်၍ ဆောင်ရွက်နေသည့် စားသုံးသူ အကာအကွယ်ပေးရေး ဆောင်ရွက်မှုများ ဖြစ်သည်ကို သိရှိလေ့လာ ထားသင့်ပါသည်။

ပြည်သူလူထုများ စားသုံးသူရေးရာ အသိပညာနှင့်ဗဟုသုတ ပြည်စုံကြွယ်ဝမှုဆန်း စစ်ချက်စစ်တမ်းများ ကောက်ယူခြင်း လုပ်ငန်းနည်ပယ်အလိုက် စားသုံးသူအကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် စစ်ဆေးရေးအရာရှိများ ခန့်အပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ တိုင်းဒေသကြီး/ ပြည်နယ်များ၌ စစ်ဆေးရေးအရာရှိ (၃၆၅)ဦး တာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စစ်ဆေးရေးအရာရှိ (၁၅၄)ဦး၊ ၂၀၂၁ ခုနှစ်တွင် (၄၉)ဦးနှင့် ၂၀၂၂ ခုနှစ်တွင်လည်း လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၂)ကြိမ် ကျင်းပခဲ့ပါသည်။ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများမှ အကာအကွယ်ပေးပြီး အရည်အသွေး အဆင့်အတန်း မြင့်မားသော ကုန်ထုတ်စွမ်းအားစုများ ထွန်းကားစေရန်နှင့် ပြည့်စုံကောင်းမွန်သော စဉ်ဆက်မပြတ် စားသုံးမှုစနစ် ထွန်းကားစေရန် ရည်ရွယ်လျက် လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ထိုရည်ရွယ်ချက်၊ ဥပဒေနှင့် လမ်းညွှန်ချက်များသည် စားသုံးသူများကို အကာအကွယ်ပေးရန် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု နည်းစနစ်များဖြစ်ကြောင်း သိထားသင့်ပေသည်။

လူသားတို့သည့် အသက်ရှင်ရပ်တည်မှုအတွက် ရှာဖွေစားသောက်ရသလို ကျရောက်လာမည့် မလုံခြုံမှု ဘေးဥပဒ်အန္တရာယ်များကိုလည်း ကာကွယ်ရမည်မှာ စားသုံးသူတို့၏ တာဝန်ဖြစ်သည်။ မလုံခြုံမှု ဖြစ်စေတတ်သော ဖြစ်စဉ်ဖြစ်ရပ်များ ဘေးဥပဒ်အန္တရာယ်များနှင့် ထိုအကြောင်း အချင်းအရာများကို စနစ်တကျ ကာကွယ်ကျော်လွှာနိုင်ဖို့ လိုအပ်ပါသည်။ ချိတ်ဆက်ရမည့် အဖွဲ့အစည်းများ၊ လိုက်နာရမည့် လမ်းညွှန်ချက်များကို စားသုံးသူများ အသိပညာ ဗဟုသုတရစေရန်နှင့် လိုက်နာကျင့်သုံးတတ်သော စားသုံးသူရေးရာ အလေ့အကျင့်ကောင်းများ တိုးတက်ထွန်းကားစေရန် ရည်ရွယ်လျက် ဘဝခရီးကို လမ်းညွှန်ချက်များနှင့် လျှောက်လမ်းဖို့ စားသုံးသူကာကွယ်ရေး ဗဟုသုတဖြည့်ဆည်းမှု ခရီးတစ်ထောက် နားမည်ဖြစ်ပါသည်။ 

ကိုးကားချက်။ (၂/၂၀၂၂) လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

 United Nation Guide Line DOCA(ရှမ်း)