လျှော်ဖြူပင်ကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ လျှော်ဖြူပင်သည် ရေငတ်ဒဏ်၊ ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်သော အပင်မျိုးဖြစ်သည်။ နှစ်ရှည်ပင်အမျိုးအစားတွင်ပါဝင်သော လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးထုတ်လုပ်အောင်မြင်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်ခရိုင်(၇)ခုမှ လျှော်ဖြူစိုက်ဧကပေါင်း (၂၇၆၂၃)ဧကရှိကြောင်း၊ ၎င်းစိုက်ဧကများမှ လျှော်ဖြူစေးကုန်ကြမ်း (၄၅၃၆)ဧကအား ထုတ်ယူနေကြောင်း လေ့လာသိရှိရပါသည်။ လျှော်ဖြူပင်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးသည်ထိ စိုက်ပျိုးလာကြောင်း တွေ့ရသည်။
လျှော်ဖြူပင်ကို “နည်းစနစ်တကျ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် အစေးထုတ်ယူခြင်း” ဟူ၍အချက်(၃)ချက်ဖြင့် ပြုစုစိုက်ပျိုးထုတ်လုပ်ရသည်။ရှေးယခင်က လျှော်ဖြူစေးကို အလေ့ကျပေါက်လျှော်ဖြူပင်များမှ ဆေးဝါးဓာတ်စာသဘောမျိုးအဖြစ်သာ သမရိုးကျ ထုတ်ယူကြသော်လည်း ယခုအခါ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူလိုအားများလာခြင်း၊ အလှကုန်၊ အစားအသောက်၊ ပြည်တွင်းထုတ်ကုန်များတွင် ကုန်ကြမ်းအဖြစ် ဝယ်ယူစုဆောင်းခြင်းနှင့် အခြားပြည်တွင်းသုံးစွဲမှုများလာခြင်းတို့ကြောင့် လျှော်ဖြူစိုက်တောင်သူများ ပိုမိုများပြားလာခြင်းနှင့်အတူ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။ လျှော်ဖြူစေ့မှ လျှော်ဖြူပျိုးပင်ပေါက်များကိုအိတ်ဖြင့် ပျိုးထုပ်ထည့်သွင်းစိုက်ပျိုးရာတွင် နှုန်းမြေနှင့် ရွံစေးမြေဖြင့်စိုက်ပျိုးရသည်။ ပျိုးပင်များကို မြေချစိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်အကွာအဝေးမှာ (၁၂)ပေမှ(၁၅)ပေအတွင်းဖြစ်၍ လျှော်ဖြူစေ့မှလျှော်ဖြူပျိုးပင်များ အပင်ပေါက်လာစေရန် အချိန်ကာလအားဖြင့် (၂)ပတ်ခန့်ကြာသည်။ လတ်တလောဖြစ်ပေါ်နေသော လျှော်ဖြူပျိုးပင်ပေါက်ဈေးနှုန်းမှာတစ်ပင်လျှင် (၂၀၀)ကျပ်မှ (၃၀၀)ကျပ်အထိရှိကြောင်း သိရသည်။ လျှော်ဖြူပင်ကို (၅)နှစ်သားမှစ၍ အစေးထုတ်ယူနိင်ပြီး နယုန်လမှ သီတင်းကျွတ်လအထိ ထုတ်ယူနိုင်သည်။
မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ လျှော်ဖြူစိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ လျှော်ဖြူတစ်ဧကလျှင် မြေ၊ ပျိုးပင်၊ ရေတွင်းနှင့် ပြုစုပျိုးထောင်စရိတ်အတွက် ကျပ်သိန်း (၁၈၀)ခန့် ရင်းနှီးရကြောင်း၊ ယခုလက်ရှိတွင် ဖြစ်ပေါ်နေသော လျှော်ဖြူဈေးများမှာ အစင် (အသန့်) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ အဖျင်း (မသန့်)တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ပေါက်စျေးရှိကြောင်း၊ လတ်တလောအခြေအနေအရ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံများမှ ဝယ်ယူမှုရပ်နားထားသဖြင့် ဝယ်လိုအားနည်းနေ၍ ပြည်တွင်း၌သာ အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)