Skip to main content

တောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးလျက်ရှိသော ဖီးကြမ်းငှက်ပျော

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်း ရွက်စားပင် သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

အချို့သော ဒေသခံတောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကိုအမှီပြု၍ စပါး၊ ကုလားပဲစိုက်ပျိုးမှုနှင့်အတူ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုပါ စီးပွားဖြစ်တွဲဖက် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ငှက်ပျော အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ ဒေသခံအချို့မှာ ဥယျာဉ်ခြံမြေများတွင် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပွင့်ဖြူဒေသတွင် ဖီးကြမ်းငှက်ပျောကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဖီးကြမ်းငှက်ပျောသည် စားသုံးသူများအကြိုက်တွေ့ကာ လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး ဝယ်ယူစားသုံးနိုင်သည့် အပြင် တစ်နေ့လျှင် ဖီးကြမ်းငှက်ပျောသီး (၃)လုံးစားပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်း သက်သာစေပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည့်အပြင် ဈေးနှုန်းလည်း သက်သာသည့်အတွက် မကွေးတိုင်းအတွင်းရှိမြို့ပေါ်နှင့် ကျေးလက်နေပြည်သူများမှ ဝယ်ယူစားသုံးမှုများသည့်အတွက် တောင်သူများအတွက် တစ်နှစ်ပတ်လုံးဝင်ငွေရ၍ စီးပွားရေးအတွက် လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း သိရသည်။

ငှက်ပျောပင်ကို စတင်စိုက်ပျိုးရာတွင် ပေါင်းမြတ်များရှင်းပြီး မြေတစ်ဧကကို ငှက်ပျောပင် (၃၀၀) လောက် အကွက်ချ၍ စိုက်ပျိုးပြီး (၆)လ/ (၁)နှစ်အကြာတွင် ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀မှ ၁၀၀၀) ခန့်ထိ ပွားလာကြောင်း သိရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် မြစ်အနောက်ဘက် ကမ်းဖြစ် သောစကု၊ ပွင့်ဖြူနှင့် စလင်းနယ်မြေတစ်ကြောတွင် ငှက်ပျောစိုက်ဧက (၃၀၀၀) ကျော်ခန့်ရှိ ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ဖီးကြမ်းငှက်ပျော (အဖီးလှလှ) တစ်ဖီးလျှင် ငွေကျပ် (၁၀၀၀မှ၁၂၀၀)နှုန်း၊ ဖီးကြမ်းငှက်ပျော (ပုံမှန်အဖီး)တစ်ဖီးလျှင် ငွေကျပ်(၈၀၀မှ၁၀၀၀) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ပွင့်ဖြူဒေသထွက် ငှက်ပျောသီးများကို မကွေး၊ မင်းဘူးနှင့် အခြားမြို့ကြီးများသို့လည်းတင်ပို့ရောင်းချနေရသည့်အတွက် ပွင့်ဖြူနယ်ရှိ တောင်သူများ တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)