Skip to main content

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် ဇူလိုင် ၁၃

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်နေ ဇော်ဝင်းဗိုလ်(ခ)စစ်သွေးကျော်သည် ၎င်းအသုံးပြုသည့် “Sitt ThweKyaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်အမှတ်(၁၃)ရပ်ကွက် နေစုနန္ဒာလှိုင်(ခ)မုရာ(ခ)Salmon သည် ၎င်းအသုံးပြုသည့် “Salmon” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက်နေ အေမီဖြိုးသည် ၎င်းအသုံးပြုသည့် “Ame Phyo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်